မြို့တော် တောင်ကြီးရှိ စက်သုံးဆီ ဖြန့်ဖြူး ရောင်းချပေးနေသည့် ဆိုင်အချို့ ယနေ့ ဇွန်လ ၆ ရက်၊ နေ့လယ်ပိုင်းက စတင်၍ ပိတ်ထားကြောင်း သိရသည်။
.
“နေ့လယ်ပိုင်းလောက် ကတည်းက ပိတ်သွားတာလို့
ပြောတယ်။ အခု ညနေပိုင်း ဆီ သွားဝယ်တော့ တံခါးတွေ အကုန် ပိတ်ထားလို့ တခြား ရတဲ့နေရာမှာ
သွားဝယ်ပြီး ပြန်လာရတယ်။” ဟု တောင်ကြီးမြို့ တောင်ဘက်ရှိ
စက်သုံးဆီဆိုင် တစ်ခုတွင် ဆီဖြည့်ရန် သွားရောက်ခဲ့သူ တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ စက်သုံးဆီ အရောင်းဆိုင်
အချို့ ပိတ်ထားရသည်မှာ စက်သုံးဆီ ပြတ်လပ်ခြင်းကြောင့် ဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း
အမှန်တကယ် စက်သုံးဆီ ပြတ်လပ်ခြင်း ရှိ/မရှိကိုမူ အတည် မပြုနိုင်သေးပေ။
.
တောင်ကြီးမြို့ပေါ်ရှိ နီလာရိုးမ
စက်သုံးဆီ အရောင်းဆိုင်တွင်မူ ရောင်းချရန် စက်သုံးဆီ ပြတ်နေသည့်အတွက် ဆိုင်တံခါးများ
ပိတ်ထားပြီး အောက်တိန်း 92 ၊ 95 နှင့် ပရီမီယံဒီဇယ် ရောင်းချရန် မရှိကြောင်း ဆိုင်အဝင်ဝတွင်
စာကပ်ထားသည်ကို တွေ့ရသည်။
.
ထို့အတူ တောင်ကြီးမြို့ပေါ်၌ ယခုရက်ပိုင်း အတွင်း စက်သုံးဆီဈေးနှုန်း ပိုမို မြင့်တက်လာနေပြီး အောက်တိန်း 92 တစ်လီတာလျှင် ၂၅၀၀ ကျပ်ခန့် ပေး၍ ဝယ်ယူနေရကြောင်း ဒေသခံများထံက သိရသည်။