တောင်ချွန်းပေါ် တက်နေတဲ့ ဓါတ်ဆီဈေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ချွန်းပေါ် တက်နေတဲ့ ဓါတ်ဆီဈေး

ဒီရက်ပိုင်း မြို့တော်တောင်ကြီးမှာ စက်သုံးဆီဈေးနှုန်း နေ့စဉ် အတက်ဖက် ရောက်နေတယ်။

တချို့ရက်တွေ မနက်ပိုင်း ဈေးနှုန်း တစ်မျိုး၊ ညနေဈေးနှုန်း တစ်မျိုး ဖြစ်တတ်တယ်။ ဈေးနှုန်းတွေ ဘယ်လောက်ပဲ ပြောင်းလဲပါစေ ဝယ်ယူ သုံးစွဲရတဲ့ ပြည်သူလူထုအတွက်ကတော့ အမြင့် ဈေးတွေချည်း။ စစ်ကောင်စီ အာဏာသိမ်းတဲ့ အချိန်က စပြီး တက်လာတဲ့ စက်သုံးဆီ ဈေးနှုန်းက အခုဆိုရင် 92 ဓာတ်ဆီ တစ်လီတာကို ၂၅၀၀ ကျော်လာတဲ့ အထိ။ အရင်တုန်းက အမြင့်ဆုံးမှ တစ်လီတာ ၈၀၀ ပတ်လည်၊ အခု ၂၅၀၀ ကျော်ဆိုတော့ ဗဲရီးလ်မဂွတ်တာ သေချာတယ်။ ဈေးနှုန်းတွေ ကျဆင်းအောင် လုပ်မယ် ပြောတာတွေက ယုံတမ်းစကားတွေ အလားပေါ့။

.


စက်သုံးဆီ ဆိုတာ ပြည်သူအားလုံးအတွက် နေ့စဉ်မရှိမဖြစ် ပစ္စည်း။ သွားရေးလာတာ ကိစ္စရပ် အားလုံးအတွက် အရေးတကြီး လိုအပ်တယ်။ ဒီလို မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းက မဖြစ်သင့်တဲ့ ဈေးနှုန်းအထိ ရောက်လာတော့ ပြည်သူတွေအတွက် ဝမ်းရေးလခက်နေတဲ့ကြားက အဆစ်တိုးလာတဲ့ ဒုက္ခတစ်ပါး ဆိုရမလား။ စက်သုံးဆီဈေးနှုန်း တက်ရင် မလွဲမသွေ ထိချက် ပြင်းတာက အောက်ခြေက အခြေခံပြည်သူတွေ။ ကာစရာ ထန်းလက် တစ်ချပ်တောင် လက်ထဲမှာ မရှိတဲ့ ပြည်သူတွေ။ စက်သုံးဆီ ဈေးနှုန်း တက်တာနဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်း လိုက်တက်တယ်။ ကုန်ဈေးနှုန်း တက်ပြီဆိုတာနဲ့ တစ်နေ့လုပ် တစ်နေ့စားဖိုတောင် မလွယ်ကူတဲ့ အောက်ခြေ ပြည်သူတွေ ချက်ချင်းလက်ငင်း အကျိုးပေးတယ် ဆိုရမှာပေါ့။

.

“ ဓာတ်ဆီဈေး တက်တာနဲ့ ကုန်ဈေးနှုန်းက ဖွားဖက်တော်လို နောက်က လိုက်တက်ပြီးသားလေ။ ခက်တာက ကုန်ဈေးနှုန်းတွေ ဘယ်လောက် တက်တက် လိုက်မတက်လာတာက ကျွန်တော်တို့ နေ့ဈေးလုပ်သားတွေရဲ့ လုပ်ခပေါ့။ ပန်းရံ နေ့စားလူကြမ်း လုပ်တာ အရင်က တစ်ရက်ကို ၈၀၀၀ ရတယ်။ အခု ကုန်ဈေးနှုန်းတွေ တက်တော့လည်း ၈၀၀၀ က တက်မလာဘူး။ ဒီကြားထဲ အလုပ်ကိုဆိုင်ကယ်နဲ့ သွားရတော့ ဆိုင်ကယ် ဆီဖိုးကလည်း လိုသေးတယ်။ အရင်က တစ်ထောင်ဖိုး ထည့်ထားရင် နှစ်ရက် သုံးလို့ရတယ်။ အခုကျတော့ နှစ်ထောင်ဖိုး ထည့်တာတောင် တစ်နေ့စာ မလောက်တော့ဘူး။” လို့ အေးသာယာကနေ တောင်ကြီးမြို့ပေါ်မှာ အလုပ်ဆင်းနေတဲ့ လုပ်သား တစ်ယောက်က ပြောတယ်။

.

စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း ပြည်သူတွေ ကြုံတွေ့နေရတဲ့ အဆိုးဆက် တစ်ခု။ ကျန်ခဲ့တဲ့ကာလ အပိုင်းအခြား တစ်ခုက ဆိုင်ကယ်ထဲ ဓာတ်ဆီ တစ်ထောင်ဖိုး ထည့်ရင် နှစ်ရက် သုံးလိုရတဲ့ အခြေအနေကနေ အခုတော့ နှစ်ထောင်ဖိုး ထည့်တာတောင် တစ်ရက် သုံးလို့ မရတဲ့ အနေအထား။ တစ်ရက် ၈၀၀၀ ကျပ်သာ ရတဲ့ နေ့စားခထဲက ဆိုင်ကယ် ဓာတ်ဆီဖိုးတင် ၂၀၀၀ အသုံးပြုလိုက်ရတယ်။ ကျန်တဲ့ ၆၀၀၀ ကျပ်က မိသားစု စားဝတ်နေရေး အတွက် အသုံးစရိတ်။ မပြေလည်လည်း ၂၀၀၀ ဆိုတဲ့ မြန်မာငွေကတော့ ဆိုင်ကယ် ဓာတ်ဆီဖိုးအတွက် မရှိမဖြစ်။ သတင်းစာရှင်းလင်းပွဲ လုပ်တိုင်းတော့ စက်သုံးဆီနဲ့ ပတ်သက်ရင် လူရယ်(ရီ)အောင် ပြောတတ်တာလေးပေါ့။

.

ရှမ်းပြည်နယ်မြိုတော်၊ တောင်ကြီးမြို့ပေါ်မှာ သွားရေးလာတာအတွက် မော်တော်ဆိုင်ကယ်ကို အဓိက အသုံးပြုကြတယ်။ လူတန်းစားအားလုံး အတွက် ဆိုင်ကယ်က မရှိမဖြစ် ပစ္စည်း။ စက်ပစ္စည်း ဖြစ်တဲ့ မော်တော်ဆိုင်ကယ်က ရေထည့်မောင်းလို့ မရသလို၊ လေနဲ့လည်း မောင်းလို မရနိုင်ဘူး။ စက်သုံးဆီဆိုတဲ့ ဓာတ်ဆီ ထည့်မောင်းမှ ခရီး ရောက်နိုင်တာ။ အခုအချိန်က ပြည်သူ တစ်ရပ်လုံး လက်ရည် တစ်ပြင်တည်း တင်းပြည့်ကျပ်ပြည့် ခက်ခဲမှု အပေါင်း သရဖူ ဆောင်းထားတဲ့ အချိန်။ အကျ မရှိတဲ့ ဓာတ်ဆီဈေးနှုန်းက တချို့တွေအတွက်တော့ တကယ်ကို ဘဝတွေအထိ ထိချက် ပြင်းလွန်းစေတယ်။ (အရှေ့မြို့ပတ်လမ်း တစ်နေရာက လမ်းလုံးပြည့် ကားတွေနဲ့ ဆိုင်လုံးပြည့် လူတွေကတော့ တစ်ကဏ္ဍပေါ့)။

.

“ ဓာတ်ဆီဈေး တက်တာက ၀ယ်သုံးတဲ့ လူတွေတင် မကဘူး။ ကျွန်တော်တို့လို တစ်ပိုင်တစ်နိုင် ရောင်းတဲ့ ဆိုင်တွေလည်း ထိတာပါပဲ။ ဓာတ်ဆီရောင်းအားက အရင်လို မကောင်းတော့ဘူး ပြောရမှာပေါ့။ နောက် အကုန်လုံး ခက်ခဲနေတဲ့ အချိန်ဆိုတော့ အရင် ၃၀၀၀ ဖိုးလောက် ထည့်တဲ့လူက အခု ဆို ၁၀၀၀ ဖိုးလောက်ပဲ ထည့်တော့တယ်။ အလုပ်သွား အလုပ်ပြန်နဲ့ ကျောင်းပို့ ကျောင်းကြိုလောက်က လွဲရင် မလိုအပ်ဘဲ ဆိုင်ကယ်ကို သိပ် မသုံးကြတော့ ဘူး။ ကားနဲ့ ဆီ လာထည့်တဲ့ လူတွေလည်း သိပ် မရှိတော့ဘူး။ ဒီပုံစံအတိုင်း ဈေးဆက်တက်နေရင် လုပ်စားရတာ မလွယ်တော့ဘူး။” လို့ တစ်ပိုင်တစ်နိုင် စက်သုံးဆီ ရောင်းချသူ တစ်ယောက်က ပြောတယ်။

.

လတ်တလော တောင်ကြီးမြို့မှာ ရောင်းချနေတဲ့ စက်သုံးဆီ ဈေးနှုန်းတွေက ကျဖို့ လမ်းမမြင်နိုင်သေး။ စက်သုံးဆီ ဈေးနှုန်း ကျဆင်းအောင် လုပ်မယ့် လူတွေကလည်း မမြင်ရသေး။ တစ်နေ့တစ်ခြား တရိပ်ရိပ် တက်နေတဲ့ ဓာတ်ဆီဈေးနဲ့ နေ့စားခ မတက်နိုင်တဲ့ နေ့စား လုပ်သားတွေရဲ့ ဒုက္ခကတော့ ကိုယ်ဖြစ်ကိုယ်ခံ ဆိုတဲ့ အခြေအနေ။ 

ဒီပုံစံအတိုင်း တက်နေရင် တောင်ကြီးမြိုရဲ့ စက်သုံးဆီဈေးနှုန်းက တောင်ကြီးမြို့အထိမ်းအမှတ် သင်္ကေတ မြို့အရှေ့ဘက်က တောင်ချွန်းကြီးပေါ် ရောက်သွားတော့မလား၊ ဒါမှမဟုတ် တောင်ချွန်းပေါ်ကို တက်နေတာလား ဆိုတာတော့ . . . ။

. 

Journal Download

Photo of three cats