ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကြွရူးသွပ်ဆေးပြား အများဆုံး ထုတ်လုပ်တဲ့ အဓိက ဒေသကြီးတစ်ခုလို့ မှတ်ချက်ပြုကြတယ်။ စိတ်ကြွရူးသွပ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုနဲ့ ပတ်သက်ပြီး ထင်ရှားပါတယ်။ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှု အနေနဲ့ကမ္ဘာမှာ ထိပ်တန်းနေရာက ရှိနေပြီး စိုက်ပျိုးမှုတွေရဲ့ အများဆုံး ထွက်ရှိရာ ဒေသဟာလည်း ရှမ်းပြည်နယ် ဖြစ်နေပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးတွေကို ပုံစံမျိုးစုံနဲ့ ထုတ်လုပ်နေတာ တွေ့ရှိရတယ်။
.
ဘိန်းစိုက်ပျိုးမှုနဲ့ စိတ်ကြွရူးသွပ်ဆေးဝါး ထုတ်လုပ်မှုတွေဟာ ရှမ်းပြည်နယ်ရဲ့ အဓိကထွက်ကုန် တစ်ခုလိုတောင် တင်စားခဲ့ကြပါတယ်။
.
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ
မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင်ရောင်းဝယ် ဖောက်ကားမှု တိုက်ဖျက်ရေးနေ့ပါ။
ဒီနေ့ထူးနေ့မြတ်ကြီးကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ နေရာဒေသတချို့နဲ့ ရှမ်းပြည်နယ်တစ်ခွင်မှာ
ဖမ်းဆီးရမိထားတဲ့ ပုံစံမျိုးစုံသော မူးယစ်ဆေးဝါးတွေကို မီးရှို့ ဖျက်ဆီးပွဲတွေ တခမ်းတနား
ပြုလုပ်ကြပါတယ်။ မြန်မာစစ်ကောင်စီ ထိန်းချုပ်ရာ မြို့ကြီးတွေမှာ ပြုလုပ်သလို၊ တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့တွေကလည်း သူတို့ ထိန်းချုပ်ရာဒေသတွေမှာ အပြိုင်အဆိုင် မီးရှို့ပွဲ
လုပ်ကြပါတယ်။ တကယ် ပပျောက်ကင်းစင်အောင် လုပ်ချင်စိတ် ရှိရင် နှစ်စဉ်နှစ်တိုင်း မီးရှို့ပွဲ
လုပ်နေစရာ မလိုဘူးဆိုတာတော့ တွေးချင့်စရာ။
.
တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ မီးရှို့ပွဲမှာတော့ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၅၁၅ ဒသမ ၃၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၇၈ ဒသမ ၅၇ သန်းကျော်) ရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ဓါတုပစ္စည်းတွေကို မီးရှို့ခဲ့တယ်လို့ စစ်ကောင်စီအာဘော် သတင်းစာတွေမှာ ဖော်ပြပါတယ်။ တကယ် ဟုတ်/မဟုတ် လွတ်လပ်တဲ့ မီဒီယာတွေ ပြေးနေ၊ ထောင်ကျနေရတဲ့ အချိန်မှာ သာမန်ပြည်သူတွေအတွက် ယုံရ ခက်စရာပေါ့။
.
ခေတ်အဆက်ဆက် အစိုးရတွေရဲ့ လာဘ်ယူမှုတွေကြောင့်
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ မအောင်မြင်ရဘူးလို့ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး
ယွက်ဆစ်ရဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့
အထိမ်းအမှတ် အမှာစကားမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံနဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စရပ်ဆိုတာ
ခွဲလို့ မရနိုင်သေးတဲ့ အရာ တစ်ခုပါ။ တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့တည်း လာဘ်ယူနေကြတာ
မဟုတ်ပါဘူး။ သူ့နေရာ ဒေသအလိုက် တက်ညီလက်ညီ ခိုးခဲ့ဘုံးခဲ့ကြတာတွေချည်းပါ။ လက်ရှိ
အာဏာသိမ်း စစ်ကောင်စီ လက်ထက်မှာတော့ ပျော်ပျော်ကြီး ခိုးကြလေသတည်းပေါ့။
.
“ ဒီကိစ္စကြီးက နှစ်တိုင်း လုပ်နေတာပါပဲ။ ဒါပေမယ့်
ဒီမီးရှို့ပွဲ လုပ်လို့လည်း မူးယစ်ဆေးတွေက ပပျောက်သွားတာမှ မဟုတ်တာ။ ဒီဘက်မှာ တစ်ပိဿာ
မီးရှို့တုန်း ဟိုဘက်က ပိဿာ တစ်ရာလောက် ပြန်ထွက်နေတာလေ။ ဆေးပြားတွေဆိုတာလည်း ထွက်နေတာ..
ကမ္ဘာ့စံချိန်တွေတောင် ချိုးနေတာပဲ။ ဘယ်မှာ ပျောက်သွားလိုတုန်း။ ဒီဟာတွေ ထုတ်လုပ်ဖို့
ဆိုတာ အကာအကွယ် အစောင့်အရှောက် ကောင်းကောင်းတွေ လိုအပ်တာပေါ့။ ဘယ်လိုနေရာတွေမှာ ဘိန်းစိုက်ပြီး
ဘယ်လိုနေရာတွေမှာ ဆေးပြားတွေ ထုတ်တယ်ဆိုတာ သက်ဆိုင်တဲ့လူတွေ မသိတာမှ မဟုတ်တာ။ ဒီမီးရှို့ပွဲဆိုတာ
သူတို့တွေရဲ့ ပုံရိပ်ကောင်းအောင် လုပ်တဲ့ဝါဒဖြန့်ပွဲ သက်သက်ပါပဲ။” လို့ ဒေသခံပြည်သူ
တစ်ယောက်က ပြောပါတယ်။
.
ရှမ်းပြည်နယ် အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားပြည်သူအများစုက ကျေးလက်ဒေသတွေမှာ နေထိုင်သူ များပြီး ရိုးသားတဲ့ တောသူတောင်သားတွေ ဖြစ်ကြတယ်။ အများစုက တောင်ယာ စိုက်ပျိုးရေး လုပ်ကိုင်ကြတယ်။ ဒေသတွေဟာ ဖွံ့ဖြိုး တိုးတက်မှု မရှိတဲ့အတွက် မိရိုးဖလာအဆင့်က တက်ရောက် လုပ်ကိုင်နိုင်ခြင်း မရှိကြဘူး။ အစစအရာရာ မျက်စိပိတ် နားပိတ် ခံထားကြရတယ်။
.
တိုးတက်မှု မရှိတဲ့ ဒဏ်ကို နှစ်ပေါင်းများစွာ ခါးစည်းခံကြရင်း နောက်ဆုံး ထွက်ပေါက်က ဘိန်းစိုက်ပျိုးမှု၊ စိတ်ကြွဆေးဝါး သယ်ယူရောင်းချမှုတွေဘက် ရောက်သွားကြတယ်။ မှန်ကန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုသာ ရှိရင် ဘယ်ပြည်သူမှ ဘိန်းစိုက် စားနေစရာ လိုအပ်မှာ မဟုတ်ဘူး။
.
ဖမ်းဆီးအရေးယူမှုနဲ့ ပတ်သက်ရင်လည်း ငွေကြေးလက်ဝယ်
ကိုင်ထားနိုင်တဲ့ လူတွေအတွက်တော့ ထောင်ဆိုတာ အိမ်တစ်လုံးလိုသာ။ ဆိုင်ရာပိုင်ရာကို ကိုင်ထားရင်
အပန်းဖြေခရီး ခဏတာ ထွက်တဲ့သဘော။ အမျိုးမျိုးသော လွတ်ငြိမ်းခွင့်တွေ ကြည့်လိုက်ရင်လည်း။
ဒီတရားခံတွေပဲ ပြန်လွတ်တာ များတယ်။ ရှမ်းပြည်နယ်တွင်း ဖမ်းဆီးရမိတဲ့အမှုတွေ ကြည့်ရင်လည်း
မူးယစ်မှုက အများစု။ ဘယ်နေရာမှာ ဘယ်လောက်ဖျက်ဖျက်။ ဖမ်းဆီးမိတဲ့ တရားခံ ဘယ်လောက်များများ
အစဉ်အလာမပျက် ချီတက်နေတာကတော့ မူးယစ်ဆေးဝါး၊ ဆေးပြား စိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်
ဖြန့်ချိရေးလုပ်ငန်းကြီး။ ဘယ်လိုလူတွေ ကာကွယ်စောင့်ရှောက်နေလည်း ဆိုတာတော့ အားလုံးအသိ။
.
.
နိုင်ငံအတွင်း ဒေသအတွင်း တကယ် ပပျောက်အောင် လုပ်ချင်စိတ်ရှိရင် အချိန် ခဏလေးပါ။ ကိုယ့်လက်အောက်က အဖွဲ့တွေ ပြည်သူ့စစ်တွေကို တိတိကျကျ ကြပ်မတ်ရုံပါ။ လက်တွေ့ လုပ်နေတာတွေကတော့ တစ်ရက် ဖျက်ပြပြီး ၃၆၄ ရက်က စိုက်ပျိုး ထုတ်လုပ်နေတယ်လို့သာ ထင်မြင်မိပါကြောင်း။ ။
.