မြို့တော်တောင်ကြီးတွင် ယခုရက်ပိုင်းအတွင်း အောက်တိန်း 92 ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၂၅၀၀ ကျော် အထိ ဈေးနှုန်း မြင့်တက်လာနေကြောင်း သိရသည်။
.
"အခု ဓာတ်ဆီစျေးနှုန်းက နေ့တိုင်းလိုကို တက်နေတာ။ ဒီနေ့ ဆိုင်ကယ်ထဲ ဆီ သွားထည့်တော့ ၂၇၅၀ တဲ့။ နောက် တစ်ဆိုင်သွားတော့ တစ်လီတာကို ၂၇၀၀ ။ ဆီဈေးက ဒီလောက် တက်နေတော့ အလုပ် အသွား/ပြန် အတွက်တောင် သိပ် မလွယ်တော့ဘူး" ဟု တောင်ကြီးမြို့မှ ပုဂ္ဂလိက ဝန်ထမ်း တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ စက်သုံးဆီ ဈေးနှုန်း နေ့စဉ် မြင့်တက်လာနေသည့်အပြင် လိုသလောက် ဝယ်ယူ၍ မရသည့် အခက်အခဲများလည်း ရှိနေကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင် အချို့ ပြီးခဲ့သည့် ရက်ပိုင်းက ပိတ်ထားခဲ့ပြီး ယနေ့ ဇွန်လ ၈ ရက်တွင် ပြန်ဖွင့်ထားသော်လည်း စက်သုံးဆီ ရောင်းချပေးနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။
.
" ဆီဈေးက မတူနေဘူး၊ ဆိုင် တစ်ဆိုင်မှာ လိုသလောက် ဝယ်လို့ ရသလို၊ နောက်ဆိုင်မှာ ဝယ်လို့ မရတာလည်း ရှိတယ်။ ပြီးတော့ တချို့ ဆိုင်တွေမှာ ဈေး သက်သာနေပေမဲ့ တချို့ဆိုင်ကြတော့ ကြီးနေပြန်ရောပဲ။ " ဟု မြို့ခံ တစ်ဦးက ဆိုသည်။
.
တောင်ကြီးမြို့လယ်ရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ခုတွင် ယနေ့ ဇွန်လ ၈ ရက်၌ တစ်လီတာ ဈေးနှုန်း အနေဖြင့် ရိုးရိုးဒီဇယ် ၂၆၅၅ ကျပ်၊ ပရီမီယံဒီဇယ် ၂၆၈၀ ကျပ်၊ အောက်တိန်း (92) ၂၂၈၅ ကျပ်၊ အောက်တိန်း (95) ၂၃၈၀ ကျပ်နှုန်းဖြင့် ရောင်းချနေပြီး ဆီပန့် အသေးများနှင့် လက်လီ ရောင်းချသည့် ဆိုင်များတွင် အောက်တိန်း (92) ဓာတ်ဆီ တစ်လီတာလျှင် ၂၇၀၀ မှ ၂၇၅၀ ကျပ်နှုန်းအထိ အသီးသီး ရောင်းချနေကြောင်း သိရသည်။