ရှမ်းတောင်ရှိ စစ်ရှောင်ပြည်သူများအား စားနပ်ရိက္ခာ ထောက်ပံ့ပေးနေမှုကို ဒိန်းမတ်သံရုံး အကြီးအကဲနှင့် WFP အဖွဲ့တို့ လာရောက်လေ့လာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်ရှိ စစ်ရှောင်ပြည်သူများအား စားနပ်ရိက္ခာ ထောက်ပံ့ပေးနေမှုကို ဒိန်းမတ်သံရုံး အကြီးအကဲနှင့် WFP အဖွဲ့တို့ လာရောက်လေ့လာ

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး အကြီးအကဲနှင့် ကမ္ဘာ့စားနပ်ရိပ်က္ခာအစီအစဉ် (WFP) အဖွဲ့သည် ကယား (ကရင်နီ) ပြည်နယ်မှ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းသို့ နေရပ်စွန့်ခွာ တိုက်ပွဲရှောင်လာသည့် စစ်ဘေးရှောင် ပြည်သူများအား WFP မှ စားနပ်ရိက္ခာ ထောက်ပံ့ပေးနေမှုကို လာရောက် လေ့လာခဲ့ကြောင်း သိရသည်။
.
ကယား (ကရင်နီ) ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် နေရပ် စွန့်ခွာလာသော ပြည်သူများ၏ ဒုက္ခကို မြင်ရသည့် အတွက် စိတ်မကောင်း ဖြစ်မိကြောင်းနှင့် WFP က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စားနပ်ရိက္ခာ ထောက်ပံ့ရေးအစီအစဉ်မှ တစ်ဆင့် နေရပ်စွန့်ခွာလာရသူများအတွက် စားနပ်ရိက္ခာ အကူအညီကို ထောက်ပံ့ရသည့်အတွက် ဝမ်းသာမိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး၏ သံရုံးအကြီးအကဲ Mr Anders Graugaard က ပြောဆိုခဲ့သည်။
.
မြန်မာနိုင်ငံအတွင်း အ‌ရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ၂၀၂၂ ခုနှစ်အစောပိုင်းတွင် ဒိန်းမတ်နိုင်ငံမှ ဒိန်းမတ်ခရိုနာ ၂၅ သန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း) ကို WFP သို့ ပံ့ပိုးကူညီခဲ့ပြီး COVID-19 ကပ်ရောဂါ၏ လူမှုစီးပွား အကျိုးသက်ရောက်မှုများ ရှိနှင့်ပြီးသည့်အပြင်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်အာဏာသိမ်းပြီးသည့် ကာလ မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လွန်စွာတိုးမြင့် လိုအပ်လျက်ရှိကြောင်း United Nations Myanmar လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
.
WFP သည် ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့တွင် လတ်တ‌လော ခိုလှုံနေသည့် ကယား (ကရင်နီ) ပြည်နယ်မှ နေရပ်စွန့်ခွာလာရသူများအတွက် ဒေသခံအရပ်ဘက် အဖွဲ့အစည်းများနှင့် လက်တွဲ၍ စားနပ်ရိက္ခာများ ဖြန့်ဖြူးပေးနေခြင်း ဖြစ်ကာ တောင်ကြီးမြို့တွင် ရုံးခန်းနှင့် စားနပ်ရိက္ခာ သိုလှောင်ရုံ တစ်ခုကို အ‌ခြေစိုက်ဖွင့်လှစ် တည်ထောင်ထားပြီး ဖြစ်ကြောင်း သိရသည်။
.
WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson ကလည်း သွားရောက်ကူညီခွင့် ရရှိမှု အခြေအနေပေါ် မူတည်ပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အရေးပေါ်အကူအညီလိုအပ်နေသူ အားလုံးကို အကူအညီများ တိုးမြှင့်ပေးသွားအပ်သွားမည့်အပြင် အခြေအနေ ကောင်းမွန်လာချိန်တွင်လည်း တိုက်ပွဲရှောင် ပြည်သူများ မူလနေရပ် ပြန်နိုင်ရေးအတွက် ကူညီပေးရန် ကြိုးစားလျက်ရှိကြောင်း ပြောဆိုခဲ့သည်။
.
ထို့အတူ နိုင်ငံအတွင်းရှိ အိုးအိမ်စွန့်ခွာ နေရပ်ရွှေ့ပြောင်းနေထိုင်ရသူများ အားလုံးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအား စဉ်ဆက်မပြတ် သွား‌ရောက်‌ပေးအပ်နိုင်ခွင့် လိုအပ်ကြောင်း နှစ်ဖက်အဖွဲ့အစည်းများက ထပ်လောင်းတောင်းဆိုသည်ဟု United Nations Myanmar ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

Journal Download

Photo of three cats