မိသားစုလိုက် သတ်ဖြတ်ခံခဲ့ရသည့် တအာင်းအမျိုးသားပါတီ (TNP) မိုင်းကိုင်မြို့နယ် ဥက္ကဋ္ဌ မိုင်းနုမ်ဟန် နှင့် မိသားစု၏ အာဇာနည်ဗိမ္မာန်ကို ယမန်နေ့ မေလ ၁၀ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အာဇာနည်ဗိမ္မာန်ကို မိုင်းနုမ်ဟန်၏ ဇာတိ ဖြစ်သည့် မက်ချိနုကျေးရွာ အနီးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားသို့ လူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့သည်။
အသက် ၃၉ နှစ် အရွယ် မိုင်းနုမ်ဟန်၊ ၎င်း၏ အမျိုးသမီး အသက် ၂၆ နှစ်အရွယ် လွေးအေးခ၊၊ သမီးဖြစ်သူ ၇ လအရွယ် လွေးဆဲင်ပပ္လါင် တို့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်တွင် တုံလောကျေးရွာအထွက် RCSS စစ်ဆေးရေးဂိတ် စခန်း၌ ဖမ်းဆီးခံရပြီးနောက် တောတွင်းရှိ ကျွင်းကြီး တစ်ခုအတွင်း ပစ်ခတ် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကာ ရုပ်အလောင်းများကို ခက်ခက်ခဲခဲ သယ်ဆောင်၍ ပန်ပွဲရွာ အနီးရှိ တောင်ယာ တစ်ခု၌ မတ်လ ၁၃ ရက်တွင် သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။
အဆိုပါ မိုင်းနုမ်ဟန် မိသားစု သေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့သော အဖွဲ့များက RCSS မှ သတ်ဖြတ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး RCSS ကမူ ၎င်းတို့သတ်ဖြတ်ခြင်း မဟုတ်ကြောင်း ငြင်းဆိုထားသည်။