Shan Youth's Federal Democratic Army Rangers အမည်ရှိ Facebook စာမျက်နှာမှ မေလ ၁၃ ရက်တွင် ဖော်ပြသည့် တောင်ကြီးမြို့၌ နေထိုင်သည့် ပြည်သူများအား မေလ ၁၄ ရက် (စနေနေ့) တွင် နေအိမ်တွင်သာ နေထိုင်ကြရန် သတိပေးချက်ကို ကိုးကား၍ သတင်းမီဒီယာများက သတင်းအဖြစ် ရေးသား ဖော်ပြခဲ့ကြသည်။
.
ယင်းကဲ့သို့ အခြေအနေကြောင့် SYFDA Rangers စာမျက်နှာသည် ရက်ပိုင်းအတွင်း follower ၃၃၀၀ ကျော်ထိ ရှိသွားပြီး ကြည့်ရှုသူလည်းအထိုက်အလျောက် များလာခဲ့သည်။
.
ယမန်နေ့ မေလ ၁၄ ရက်နေ့တွင်လည်း အဆိုပါ SYFDA Rangers စာမျက်နှာမှ mission များ ပြီးမြောက် သွားပြီ ဖြစ်၍ လွတ်လပ်စွာ သွားလာနိုင်ပြီဟု ရေးသား ဖော်ပြထားသည်။ ယင်းဖော်ပြချက်၏ အောက်တွင် ရေးသားထားသည့် မှတ်ချက်များတွင် " တိုးတိုတိတ်တိတ် အောင်မြင်စွာ ပြီးတာ ကောင်းပါတယ် " ၊ " ဒီအတိုင်း ဆက်သွားပါ လျှို့ဝှက်ချက် ဖြင့် လုပ်ဆောင်ပါ ဘေးကင်းပါစေ" စသည်ဖြင့် ရေးသားသူ အကောင့်များကို လေ့လာ ကြည့်ရှုရာ လွန်ခဲ့သည့် ၄၈ နာရီ အတွင်းက ပြုလုပ်ထားသည့် အကောင့်များ ဖြစ်နေသည်။
.
ထို့အပြင် စစ်ကောင်စီအား အမှန်တကယ် တော်လှန်ရေး လုပ်ဆောင်နေသူ တော်လှန်ရေး လူငယ်များကလည်း ယင်း စာမျက်နှာ ကို မသင်္ကာကြောင်း ဖွင့်ဟ ပြောဆိုရေးသားလာကြသည်ထိ ရှိလာကာ ယင်း စာမျက်နှာကို ယုံကြည်သူထက် မယုံကြည်သူက များနေပေသည်။
.
Shan Youth's Federal Democratic Army Rangers အဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ဖွဲ့စည်းခဲ့သည်ဟု ၎င်းတို့က ထုတ်ပြန်ထားသော်လည်း Facebook စာမျက်နှာကိုမူ ပြီးခဲ့သည့် မေလ ၁၀ ရက်မှသာ ပြုလုပ်ထားသည်။ ထို့အပြင် မူလက Page အမည်ပါ စာများအနက် Federal အား Fedral ဟု စာလုံးပေါင်း မှားယွင်း ရေးသားပြီးနောက် ၁၁ ရက်နေ့တွင်မှသာ အမှန် ပြင်ခဲ့သည်။ Federal စာလုံးသည် လက်ရှိ တော်လှန်ရေး လုပ်ဆောင်နေသူများအတွက် ရင်းနှီးမှု ရှိသည့် စာလုံး ဖြစ်သည်ကို သတိပြုနိုင်ပေသည်။
.
SYFDA သည် Play House Bar အား ပိတ်သိမ်းရန် မေလ ၁၀ ရက်ကပင် ကြေညာ၍ နောက်ရက်တွင် လုံခြုံရေး စစ်ကောင်စီထောက်လှမ်းရေး တစ်ဦးကို ဖမ်းမိခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီး ၎င်းကို ထွက်ပြေး၍ ပစ်သတ်ခဲ့ကြောင်းနှင့် စစ်ကောင်စီ တပ်သားထံမှ အချက်အလက်များ ရရှိခဲ့သည်ဟု မှတ်တမ်းဓါတ်ပုံ ၂ ပုံနှင့်အတူ ထုတ်ပြန်သည်။
.
အဆိုပါ SYFDA Rangers က စစ်ကောင်စီတပ်သားကို ဖမ်းဆီးခဲ့သည့် Bar မှာ တောင်ကြီးမြို့၏ အထင်ကရနေရာရှိ ဟိုတယ် ဖြစ်နေသည့် အပြင် မှတ်တမ်းဓါတ်ပုံမှာ တောင်ကြီးမြို့ အထွေထွေသပိတ်စစ်ကြောင်းမှ ထောင်ကျနေသူ တစ်ဦး ရိုက်ယူထားသည့် ပုံများကို ယူသုံးထားခြင်း ဖြစ်ကြောင်း သိရသည်။
.
" အထွေထွေ သပိတ် အဖွဲ့ဝင်တွေ စခ နှစ်ကောင်ကို မိတုန်းက ရိုက်ထားတာတဲ့။ အဲ့ပုံကို ရိုက်ထားတဲ့ သူကလည်း မနှစ် ၄ လပိုင်းကတည်းက အထဲ ရောက်သွားပြီ။ " ဟု အထွေထွေသပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သူ တစ်ဦးက အတည်ပြုသည်။
.
ယင်းအခြေအနေနှင့် ပတ်သက်၍ SYFDA ထံ မေးမြန်းရာတွင်မူ " ဒီပုံက syfda rangers အဖွဲ့ဝင် ဖြစ်တဲ့ ဘုရားဖြူမှာ ညဘက် ကင်းစောင့်တုန်း စကစဗိုလ် တစ်ယောက်ဆီကနေ ရခဲ့တာ ဖြစ်ပါတယ်။ ..... ။ သူ့ဆီက ရခဲ့တာနဲ့ ထပ်တူပဲဗျ။ ကျနော်တို့က သူ့ဆီက ရခဲ့တာကို ချပြရင် စကစအနေနဲ့ မြို့ကို ရမ်းပြီး ဖမ်းဆီးမှာတွေကို ပြည်သူတွေအတွက် စိုးရိမ်လို့ မတင်တာပါဗျ။ " ဟု ရှင်းပြသည်။
.
အဆိုပါ SYFDA Rangers စာမျက်နှာကို ပြည်သူများ ယုံကြည်လာမှုအပေါ် တော်လှန်ရေးအင်အားစု တစ်ခုမှ လူငယ် တစ်ဦး က" အမျိုးတို့။ သေချာ စဉ်းစားပြီးမှ ယုံကြဗျ။ ရှေ့မှာ Youth Voice လို ကိစ္စတွေ ရှိခဲ့တာကို သတိရကြဦးဗျ။ " ဟု ပြောဆိုထားသည်ကိုလည်း တွေ့ရသည်။
.
ထို့အတူ တောင်ကြီးမြို့ အခြေစိုက် TGI Support Revolution ကလည်း SYFDA Rangers စာမျက်နှာသည် မြေပြင်တွင် အမှန်တကယ် လှုပ်ရှားမှု မရှိသော အဖွဲ့ ဖြစ်ကြောင်း အသေးစိတ် ဖော်ပြထားသည့် ကြေညာချက်ကို ယနေ့ မေလ ၁၅ ရက်တွင် ထုတ်ပြန်သည်။ [ ထုတ်ပြန်ချက် ဖတ်ရန် - http://bit.ly/3NdfGvQ ]
.
ယင်းကဲ့သို့ ထုတ်ပြန်ချက်များ ရှိလာပါက ပြောဆိုလိုသည် ရှိက ပြောဆိုပေးရန် SYFDA Rangers ကို မေးရာ " အခုဆို ကျနော်တို့က ကျနော်တို့မြို့အတွက် ပြန်လာတာပါ။ ဒါပေမယ့် ကျနော်တို့ စီစဥ်ထားတာတော့ မြို့ကို ပြန် စွန့်ခွာပြီး တခြား မဟာမိတ် နယ်မြေတွေမှာ အားဖြည့်ပေးဖို့ စီစဥ်ထားပါတယ်။ " ဟုသာ ပြောသည်။
.
သို့ဖြစ်၍ Shan Youth's Federal Democratic Army Rangers လူမှုကွန်ရက် စာမျက်နှာသည် အတု/အစစ် ဝေခွဲရန် ခက်ခဲသော်လည်း စဉ်းစားဖွယ်ရာများနှင့် ပြည့်နှက်နေပေသည်ဟုသာ။ ။