စစ်အာဏာရှင် လက်အောက်တွင် ငြိမ်နေသည့် တောင်ကြီးမြို့သည် SYFDA နဲ့အတူ ပြန်လည် နိုးထလာပြီ ဖြစ်ကာ အချိန်/နေရာ မရွေး ဖောက်ခွဲ တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများ အသွားလာ ဆင်ခြင်ရန် SYFDA Rangers က ယနေ့ မေလ ၁၁ ရက်တွင် သတိပေးထားသည်။
.
" ကျတော်တို့ အဖွဲ့သည် တိုက်ပွဲများ ကိုယ်တိုင် ဆင်နွှဲရန်အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း၊ အချိန်မရွေး နေရာမရွေး ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပွားနိုင်ကြောင်း၊ ပြည်သူများ အသွားလာများ ဆင်ခြင်ကြရန် အသိပေးအပ်ပါသည်။ " ဟူ၍ SYFDA Rangers က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
ထို့အတူ အပျော်အပါးဖြင့် လူငယ်များကို တော်လှန်ရေးတွင် မပါဝင်ရန် ဆွဲဆောင်နေသည့် Play House club အား ပိတ်ထားရန်နှင့် မပိတ်ပါက ပစ်ခတ် ဖောက်ခွဲမည်ဟု SYFDA Rangers က ထုတ်ပြန်ထားသည်။
.
ပြည်သူများ အနေဖြင့် ဖောက်ခွဲရေး ပစ္စည်းများထောင်ထားသော နေရာများတွင် မစပ်စုသင့်ဘဲ မိုင်းများသည် Upgrade မိုင်းများ ဖြစ်သဖြင့် ပြင်းအား များသောကြောင့် မသင်္ကာသော အရာများ တွေ့ရှိပါက ဝေးဝေးက အမြန်ဆုံး ရှောင်ပေးရန် အသိပေးထားသည်ကိုလည်း တွေ့ရသည်။
.
Shan Youth's Federal Democratic Army (SYFDA Rangers) ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ တပ်ဖွဲ့ဝင်များသည် အာဏာသိမ်း စစ်ကောင်စီအား လက်နက်ကိုင် တော်လှန်ရန်အတွက် EAOs နယ်မြေများတွင် စစ်သင်တန်းများကို Commando အဆင့်ထိ စနစ်တကျ သင်ကြားကာ လက်တွေ့ တိုက်ပွဲ အတွေ့အကြုံများ ရယူခဲ့ပြီး ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။