တောင်ကြီးမြို့ရှိ စာသင်ကျောင်း အချို့၌ လာဘ်ငွေ ရယူ၍ ကျောင်းအပ် လက်ခံနေသည်ဟု စစ်ကောင်စီ ဥက္ကဌထံသို့ ဒေသခံ တစ်ဦးက တိုင်ကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ရှိ စာသင်ကျောင်း အချို့၌ လာဘ်ငွေ ရယူ၍ ကျောင်းအပ် လက်ခံနေသည်ဟု စစ်ကောင်စီ ဥက္ကဌထံသို့ ဒေသခံ တစ်ဦးက တိုင်ကြား

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ စာသင်ကျောင်း အချို့၌ လာဘ်ငွေ ရယူ၍ ကျောင်းအပ် လက်ခံနေသည်ဟု အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌထံသို့ ဒေသခံ ပြည်သူတစ်ဦးက ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများဟု ဆိုကာ တိုင်ကြားထားသည်ကို တွေ့ရသည်။

.

တောင်ကြီးမြို့ အထက (၁) နှင့် အထက(၃) တို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) ၏မူဝါဒများနှင့် ဆန့်ကျင်ပြီး ကျောင်းသား/သူ များနှင့် မိဘပြည်သူများ အထင်အမြင် လွဲမှားစေရန် နည်းမျိုးစုံ သုံး၍ လုပ်ဆောင်နေသည်ဟု ဆိုကာ တိုင်ကြားထားခြင်း ဖြစ်သည်။

.

ကျောင်းသား မိဘများထံမှ လာဘ်ငွေများ ယူကာ ကျောင်းအပ် လက်ခံနေခြင်း၊ လာဘ်ငွေ မပေးနိုင်သူများကို နေရာ မရှိတော့ဟု ပြောကာ နေပူထဲတွင် တစ်နေကုန် တန်းစီခိုင်း ထားခြင်း၊ မချေမငံ ဟိန်းဟောက် ဆက်ဆံခြင်း၊ ကျောင်း အပ်လိုပါက ထုံးစံအတိုင်းလုပ်ရမည်ဟု အကျပ်ကိုင် ပြောဆိုခြင်းများကို နေ့စဉ် ပြုလုပ်နေသောကြောင့် ကျောင်းသား ကလေးငယ်များရော မိဘများပါ နေ့စဉ်နှင့်အမျှ စိတ်ဆင်းရဲခြင်း မျိုးစုံ ကြုံတွေ့ခံစားနေရကြောင်း ၎င်း၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

.



အဆိုပါ အခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာ စာသင်ကျောင်းများအား မေးမြန်းလိုသော်လည်း လွတ်လပ်စွာ သတင်း ရယူခွင့် မရှိသည့် အခြေအနေများကြောင့် ကျောင်းသားမိဘ တစ်ဦးထံသို့ ဆက်သွယ် မေးမြန်းရာ “ CDM ကျောင်းသားတွေကို လုပ်တာမျိုး ဖြစ်နိုင်တယ်။ ကျောင်းသားအသစ်တွေကို ရစ်နေတာတော့ တွေ့ခဲ့ရတယ်။ ငွေ တောင်း၊ မတောင်းတော့ မသိဘူးပဲ။ ကျွန်မ ကလေး ကျောင်းအပ်တုန်းကတော့ ငွေ မပေးရဘူး။ ဟိုမေး ဒီမေးလောက်ပါပဲ။ ” ဟု ပြောသည်။

.

ထို့အတူ ကျောင်းသားမိဘ တစ်ဦးကလည်း “ တောင်ကြီး အထက(၁) ကျောင်းမ ှကျောင်းသား/သူ အသစ်များကို ငွေ ငါးသောင်း အထက်ပေးမှ လက်ခံနေပါသဖြင့် ကျောင်အပ်ဖို့ အခက်အခဲ ဖြစ်ပြီး ကြန့်ကြာမှုများကို ကျောင်းသားမိဘများ တွေ့ကြုံနေပါသည်၊ တခြား ကျောင်းပြောင်းများလည်း အပ်ဖို့ခက်ခဲနေပါတယ်။” ဟု သတင်း ပေးပို့ထားသည်။

.

အာဏာသိမ်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနကမူ  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ် လက်ခံရာတွင် မည်သည့် ငွေကြေးမျှ မကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဟု ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် ကြေညာထားသည်ကို တွေ့ရသည်။

Journal Download

Photo of three cats