အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ ဖိတ်ခေါ်ထားသည့် ဆွေးနွေးပွဲနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က အထူးအစည်းအဝေး ပြုလုပ်နေသည်ဟု သိရသည်။
.
အစည်းအဝေးကို ယနေ့ မေလ ၆ ရက်မှ စတင်၍ Video Conferencing ဖြင့် ပြုလုပ်နေခြင်း ဖြစ်ပြီး မေလ ၇ ရက်ထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
" SAC (စစ်ကောင်စီ) ဥက္ကဌ ဖိတ်ခေါ်မှု ကိစ္စအပေါ် PPST အဖွဲ့ဝင်များ၊ PPST ပူးပေါင်း အဖွဲ့အစည်းများတို့အကြား အမြင်သဘောထားများ ဖလှယ်ပြီးဝောာ့ သဘောထားများကို စုစည်းပြီး လိုအပ်တဲ့ ပြင်ဆင်မှုများ ချမှတ်နိုင်ရန်နှင့် အဲဒီကတဆင့် စုပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ရည်မျှော်ပြီး ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။" ဟု PPST ဦးဆောင်မှုကော်မတီ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက အဖွင့်မိန့်ခွန်းတွင် ပြောသည်။
.
ဖိတ်ခေါ်မှုကို ချဉ်းကပ်ရာတွင် NCA ၏ အနှစ်သာရ မူ ၃ ချက်၊ နိုင်ငံရေးရည်မှန်းချက် ၇ ချက်နှင့် လမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက် ၈ ဆင့်တို့ အပေါ် အခြေခံပြီး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးမူကို ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုများတွင် သက်ဆိုင်သူများ အားလုံး ပါဝင်ရမည် ဖြစ်ပြီး ပဋိပက္ခများ လျှော့ချနိုင်ရေးနှင့် ပြည်သူများကို အကာအကွယ် ပေးနိုင်ရေးအတွက် ကြိုးပမ်းနေရမည် ဖြစ်ကြောင်းကိုလည်း ၎င်းက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။
.
NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S EAO)တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပါ၀င်ကြသည်။