လက်ရှိ ကြုံတွေ့ နေရတဲ့ အခြေအနေက ရှိပါတယ်ဆိုတဲ့လူလည်း အခက်အခဲနဲ့၊ မရှိတဲ့ လူတွေက အပ်နားဖားပေါက် ဆင်ချည်ကြိုး ထိုးသလို ကျဉ်းထဲကျပ်ထဲ။ လက်ရေတစ်ပြင်တည်း မွန်းကျပ်မှု ကိုယ်စီတွေနဲ့ ဘဏ်တိုက်ကြီး ပိုင်ပါတယ်၊ ဂေါ်ဇီလာလောက် ကြီးတဲ့ လုပ်ငန်းကြီး ထိုင်ထားပါတယ်ဆိုတဲ့ လူတွေလည်း ဒုံးဒုံးချ အိပ် မပျော်နိုင်ကြဘူး။
.
အခု လေယဉ်ပျံ စီးနေတုန်း
ခဏနေ လုံးတီးဆန် မစားရဘူးလို ဘယ်သူ့အတွက်မှ အာမခံချက် ရှိမနေဘူး။ အလုပ်ခန့်စာက လှည်းယာဉ်နဲ့
သွားတုန်း ဖြုတ်စာက အွန်လိုင်းပေါ်က ရောက်နေတယ် ဆိုသလိုမျိုး အာဏာသိမ်း စစ်ကောင်စီ
ကောင်းမှု အကြောင်းပြုပြီး မြန်မာနိုင်ငံတစ်ဝှမ်း လူတန်းစား ညီမျှသွားတယ် ပြောရမလား။
.
ခရိုနီ၊ တိုင်ကွန်ကြီးတွေဆိုတာ ခေတ်အဆက်ဆက် ဖင် လေသလပ်အောင် သာယာခဲ့ကြတာ။ အခုတော့ အန်ကယ် သိန်းတန် စကာလုံးလို နိုးအဆင့် ရောက်မှန်းမသိ ရောက်သွားပေါ့။ ကျန်ခဲ့တဲ့ ရက်ပိုင်းက အခြေအနေပဲ ကြည့်။ အရင်တုန်းက ပုလင်းတူ ဘူးဆို့ချင်း အတူတူ အခုကျတော့ လာထား တစ်ယောက်၊ သောက်မြင်ကပ်တိုင်း တစ်ယောက်နဲ့။
ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အရာရာသည် (အစိုးရ မဟုတ်တဲ့ လူတွေ လက်ထဲမှာ) အစိုးရခြင်း မရှိ၊ တိုင်းသူပြည်သားတိုင်း ဒုက္ခနဲ့ နှစ်ပါးသွား နေရတဲ့အချိန် မြင်ရ ကြားရတာတွေကလည်း ဒုက္ခတစ်ပါး။
.
လတ်တလော ရှမ်းတောင်
.
ပအိုဝ်းတိုင်းရင်းသားတွေ
နေထိုင်တဲ့ ကျေးရွာတွေမှာ နယ်မြေလုံခြုံရေး ဆောင်ရွက်ဖို့အတွက် PNO ပြည့်သူ့စစ် အဖွဲ့က
အိမ်ထောင်စု တစ်စုကို မြန်မာငွေ သုံးသောင်းကျပ် ကောက်ခံမယ်လို ကြားသိရတယ်။ တစ်ချို့လည်း
တစ်သောင်းလို့ ဆိုကြပြန်တယ်။ တစ်နေရာနဲ့ တစ်နေရာ ရွာအလိုက် ကွာခြားပုံ ရပါတယ်။ စားနပ်ရိက္ခာအတွက်
ဆန်စပါးတွေကောက်တယ်။ ပအိုဝ်းဒေသအတွင်းမှာ နေထိုင်တဲ့ လူငယ်တွေ မဖြစ်မနေ သိုင်းသင်ရမယ်လို
ဆိုပါတယ်။
.
ဒုံးပျံခေတ်၊ အင်တာနက် ခေတ်ကြီးမှာ
ဘယ်လို ရွှေဉာဏ်တော်တွေ ကွန့်မြူးပြီး သိုင်းသင်ဖို အမိန့်တော်မှတ် ကြတယ်တော့ မပြောတတ်ဘူး။
ဒါမှမဟုတ် အဲဒီလူတွေရဲ့ အသိဉာဏ်ပညာ အဆင့်အတန်းကိုက အဲဒီ သိုင်းသင်တဲ့ ခေတ်လောက်မှာ
ကျန်နေခဲ့လို့ များလား။ နိုင်ငံရပ်ခြား ပညာသင်ရောက်နေတဲ့ ခေတ်မီ ပအိုဝ်းလူငယ်လေးတွေကို
အားနာဖို့တောင် ကောင်းနေသေး။
.
မြန်မာငွေ သုံးသောင်းကျပ်ဆိုတာ ပါးစပ်က ပြောရင် အလွယ်လေး။ မတော်မတရား အကျိုးပွားစီးထားတဲ့ လူတွေအတွက် သောက်ရေသန့် တစ်ဘူးစာလောက် ဆိုပေမဲ့ တကယ်မရှိတဲ့ အောက်ခြေလူတန်းစား တိုင်းရင်းသားတွေ အတွက်တော့ သုံးသောင်းကျပ်ဆိုတာ တနင့်တပိုးလို ဆိုရမှာပါပဲ။
မြန်မာနိုင်ငံမှာ အခြေခံ လူတန်းစားတွေရဲ့
အခြေခံလုပ်စာက တစ်နေ့မှာ ၅၀၀၀ ပတ်လည်။ နေကုန်မိုးချုပ်အောင် ကုန်းရုန်းရှာမှ အဲဒီ ငါးထောင်ကို
အိတ်ကပ်ထဲ ထည့်နိုင်ကြတာ။ အဲဒီ ၅၀၀၀ တောင် အလုပ် ရှိမှ၊ အလုပ် လုပ်မှ၊
ကျန်းမာနေဦးမှ ရမှာ။
.
သူတို တောင်းတဲ့ သုံးသောင်းကျပ်ဆိုတာ
တောင်ယာထဲနဲ့ တခြား လုပ်ငန်းမျိုးစုံမှာ နဖူးက ချွေး ခြေမ ထိ ကျအောင် ရှာထားကြရတဲ့
ခြောက်ရက်စာ ငွေကြေး။ ပေးရရင်လည်း ဒုက္ခ တစ်ပါး၊ မပေးဘဲနေရင် ကြီးစွာသော ဒုက္ခ။
.
“ အခုက အကုန်လုံး လုပ်ငန်းခွင်ထဲ
ပြန်ဝင်ကြရတော့မှာ။ မိုး ကျလာပြီဆိုတော့ တောင်ယာလုပ်ငန်းတွေ ပြန်စတော့မယ်။ ကျွန်တော်တို့
ပအိုဝ်းတိုင်းရင်းသားတွေ အဓိက အလုပ်အကိုင်က စိုက်ပျိုးရေးလုပ်ငန်းပေါ့။ အခုအချိန်မှာ
အလုပ်လုပ်နိုင်ဖိုအတွက် အကုန်လုံးက ငွေလိုနေကြတာ။ နည်းနည်းပါးပါး ချောင်လည်တဲ့လူတွေက
သိပ်ပြဿနာ မရှိဘူးပေါ့။ အများစုက ကိုဗစ်ဖြစ်ကတည်းက ဒုက္ခရောက်နေကြတာ။ အခုဆို စိုက်ပျိုးစရိတ်အတွက်တောင်
ပွဲစားတွေဆီက ငွေတိုးနဲ့ ချေးရတဲ့လူ များနေတယ်။ သီးနှံက မဖြစ်ရင်လည်း တော်တော်ဒုက္ခရောက်ကြဦးမှာပေါ့။
စိုက်ပျိုးစရိတ်အတွက် သူများဆီက ချေးငှားနေရတဲ့အချိန် အခုလို မဖြစ်မနေ သုံးသောင်းကျပ်
ကောက်တော့ ခက်ခဲကုန်တာပေါ့။” လို့ ပအိုဝ်းတိုင်းရင်းသားတစ်ဦးက ပြောတယ်။
.
ဒီလို နယ်မြေလုံခြုံရေး
လုပ်ဖို့အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အကြောင်းပြုထားတဲ့ စစ်ကောင်စီ
လက်ပါးစေ ခရိုနီကြီး တစ်ဦးဖြစ်တဲ့ ဦးနေဝင်းထွန်းက မြန်မာငွေ သိန်းပေါင်း ၂၀၀၀ မတည်ပေးတယ်လို့
ကြားသိရတယ်။ ရိုးသားတဲ့ တိုင်းရင်းသားတွေအတွက်တော့ သူ့ရဲ့ရက်ရောတဲ့ အလှူကြီးက သာဓု
အကြိမ်ကြိမ် ခေါ်စရာပေါ့။ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ဒေသကို
အကြောင်းပြုထားတဲ့ ဦးနေဝင်းထွန်းရဲ့ ချမ်းသာကြွယ်ဝမှုက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
တစ်ခုလုံး ရွှေချထားလို့တောင် ရနိုင်ပါတယ်။
.
အခုလို ပအိုဝ်းဒေသ နယ်မြေလုံခြုံရေး လုပ်ဆောင်ဖို ငွေကြေးကောက်ခံမယ့်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတော့ မြန်မာနိုင်ငံထုံးစံအတိုင်း အွန်လိုင်းပေါ်မှာလည်း ပွက်လောရိုက်လာတယ်။ စစ်အာဏာရှင်နဲ့ ပူးပေါင်းလို့ PNO ကို ဆဲကြသူတွေ နေရာ အနှံ့၊ စာမျက်နှာ အနှံ့ပေါ့။ တချို့ကလည်း ပအိုဝ်းဒေသကို ကာကွယ်စောင့်ရှောက်ဖို သုံးသောင်း မကဘူး၊ သုံးသိန်းလည်း ထည့်ဝင်ပေးကြမယ်၊ တချို့တွေက သိန်းသုံးဆယ်လည်း လက်မနှေးဘူးလို့ လော်ကြ၊ ဆိုကြပြန်တယ်။
အသွင်ပြောင်း ပြည်သူ့စစ်ဆိုတာ စစ်တပ်ရဲ့ တရားဝင် လက်အောက်ခံ အဖွဲ့အစည်းဆိုတာ သိသူ နည်းတာရယ်၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ရောထွေးနေတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုရမှာပဲ။
.
ထုံးစံအတိုင်း လေလှိုင်းပေါ် လော်ပေးကြတဲ့ နင်လားငါလား
သုံးသိန်းတွေ၊ သိန်းသုံးဆယ်တွေက ဘယ်ဆီ နေမှန်းမသိ။ တကယ်ကျောချ ခံနေရတာက ရိုးသားတဲ့
အောက်ခြေက တိုင်းရင်းသား အများစု။ တစ်အိမ်ထောင် သုံးသောင်းနဲ့တွက်ရင် ဒေသတစ်ခုလုံးက
ထွက်လာမယ့် ပိုက်ဆံတွေက မနည်းမနော။
.
ရိုးသားတဲ့မြေပေါ်မှာ လုပ်စားခြင်းကင်းပါစေ။ ခေါင်းဆောင်ဆိုတဲ့လူတွေ
ပအိုဝ်းပြည်သူအပေါ် လှည့်ဖြားခြင်း ကင်းပါစေ။
။