စစ်ခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အဖွဲ့ အထွေထွေအတွင်းရေးမှူး၏ အကြောင်းပြန်ကြားထားမှုကို LDU ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများက အသိအမှတ် မပြုကြောင်း ယမန်နေ့ မေလ ၁၂ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
.
LDU အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ပြင်ဆင်ထားမှု အဆင်သင့် မဖြစ်သေးကြောင်းနှင့် ကြိုတင်ပြင်ဆင်မှု အဆင်သင့်ဖြစ်မှသာ တက်ရောက်မည် ဖြစ်ကြောင်း၊ အဖွဲ့အစည်း၏ ဥက္ကဋ္ဌ၏ ခွင့်ပြုချက် မရယူသည့်အပြင် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ မပါဘဲ အထွေထွေအတွင်းရေးမှူး ကျားဆော်လမွန်က အလုပ်အမှုဆောင်အချို့နှင့် ဆွေးနွေးပြီး ငြိမ်းချမ်းရေး အစည်းအဝေးသို့ တက်ရောက်ရန် ကိုယ်စားလှယ်များ ရွေးချယ်ပြီး ဆွေးနွေးပွဲတက်ရောက်မည် ဖြစ်ကြောင်း မီဒီယာများသို့ ပြောဆိုမှုသည် လားဟူဒီမိုကရက်တစ်အစည်းအရုံး၏ ဖွဲ့စည်းအုပ်ချုပ်ပုံအဆင့်ဆင့်၊ စည်းမျဉ်းဥပဒေများ၊ မူပေါ်လစီများကို လိုက်နာခြင်း မရှိဘဲ မိမိကိုယ်ကျိုးအတွက် အလုပ်အမှုဆောင်အချို့၏ ဆွေးနွေး ဆုံးဖြတ်ချက်ကို LDU ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများမှ လုံးဝ အသိအမှတ် မပြုနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် ဥက္ကဋ္ဌ ခွင့်ပြုမိန့် မရှိဘဲ အလုပ်အမှုဆောင်အချို့မှ ယခုကဲ့သို့ လုပ်ဆောင်ချက်အပေါ် လားဟူဒီမိုကရက်တစ် အစည်းအရုံး၏ စည်းမျဉ်းဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင် ဖိတ်ကြားထားသည့် ဆွေးနွေးပွဲအား တက်ရောက်ရန် LDU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ခုက စာရင်းပေးထားသည်ဟု စစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားပြီး အဆိုပါ တက်ရောက်မည့် အဖွဲ့များမှာ လတ်တလော စစ်ကောင်စီနှင့် ပဋိပက္ခ၊ ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားနေသည့် အဖွဲ့အစည်းများ မဟုတ်ကြောင်း သိရသည်။