ကရင်နီ (ကယား) ပြည်နယ်အတွင်း လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသား ၁၂၆ ဦး အနက် ၂၄ ဦးကို ခံဝန်ကတိဖြင့် လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက်ကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) က ယနေ့ မေလ ၂၆ ရက်တွင်ထုတ်ပြန်သည်။
.
နိုင်ငံတကာ အဖွဲ့အစည်းများ၏ တောင်းဆိုမှု၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် အကျဉ်းသားများ၏ ခံဝန်ကတိများကြောင့် ပြန်လွှတ်ခြင်း ဖြစ်သည်ဟု သိရသည်။
.
ယခင် ကာလများတွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူများထဲမှ တရုတ်နိုင်ငံသား ၄ ဦး အပါအဝင် အကျဉ်းသား အချို့ကိုလည်း ပြန်လည် လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ပါဝင်နေသူ မှန်သမျှနှင့် အခြားရာဇဝတ်မှု ကျူးလွန်သူများကိုမူ ဆက်လက်ဖမ်းဆီး ထိန်းသိမ်း သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
ကရင်နီပြည်နယ် အတွင်းရှိ စစ်ကောင်စီ ထောက်တိုင်အဖြစ် ပါဝင်ပတ်သက်နေသူများ အနေဖြင့် အမြန်ဆုံး သိရှိ ပြင်ဆင်ပြီး ပြည်သူ့အစိုးရ၊ ပြည်သူ့တပ်ဖွဲ့များနှင့် ဘက်ပြောင်း ပူးပေါင်းကြရန် KSCC က တိုက်တွန်းထားသည်။