ဖယ်ခုံမြို့နယ်သည် ရှမ်းပြည်နယ်တောင်ပိုင်း အောက်တွင်သာ ဆက်လက် တည်ရှိကြောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သဘောထား ထုတ်ပြန်ထားသည်။
.
လက်ရှိ အခြေအနေသည် တော်လှန်ရေးကာလသာ ဖြစ်နေပြီး ဖယ်ခုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ဖယ်ခုံမြို့နယ်အတွင်းရှိ လူထု တစ်ရပ်လုံး၏ သဘောထားဆန္ဒကို ကောက်ခံနိုင်ခြင်း မရှိသေးသောကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ မြို့နယ်တစ်ခုအဖြစ်သာ ဆက်လက်တည်ရှိကြောင်း နှင့် အရေးတော်ပုံကာလ အလွန်တွင် ပြည်သူ့ဆန္ဒ ခံယူပွဲတစ်ရပ် ကျင်းပပြီး ပြည်သူများ၏ မဲဆန္ဒ အတိုင်းသာ ရပ်တည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ၀န်ကြီးဌာနများနှင့် အချို့သော အဖွဲ့အစည်းများ အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ ဟုသာ သုံးစွဲခေါ်ဝေါ်ပေးနိုင်ရန် အသိပေးထားသည်ကိုလည်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
.
ဖယ်ခုံမြို့နယ်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် အတွင်း၌ ပါဝင်ပြီး မြောက်ဘက်တွင် ပင်လောင်း၊ ညောင်ရွှေနှင့် ဆီဆိုင်မြို့နယ်များ၊ တောင်ဘက်တွင် ဖရူဆိုနှင့် သံတောင်မြို့နယ်၊ အရှေ့ဘက်တွင် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်တွင် ပျဉ်းမနားမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေကြောင်း စစ်အာဏာ မသိမ်းမီကာလ အတည်ပြုထားသည့် ဒေသဆိုင်ရာ အချက်အလက်များ အရ သိရသည်။