နိုင်ငံအတွင်း ဆရာဝန် လိုအပ်ချက် များပြားနေသောကြောင့် ဆရာဝန်ဘွဲ့ရ ၁၂၀၀ ကျော်အား နိုင်ငံ့ဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ရန် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ မေလ ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
.
ဆေးတက္ကသိုလ်များ၏ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ပြီး၍ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလများတွင် ဆေးပညာဘွဲ့ရ အောင်စာရင်း ထုတ်ပြန်ပြီးသူ စုစုပေါင်း ၁၂၂၂ ဦးတို့သည် သက်ဆိုင်ရာ ဆေးတက္ကသိုလ်များတွင် ပထမနှစ် သင်တန်းသို့ တက်ရောက်စဉ်ကတည်းက ဘွဲ့ရပြီးနောက် နိုင်ငံတော်မှ လိုအပ်သည့်အချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ပါမည် ဟု ကတိခံဝန်ချက် လက်မှတ်ရေးထိုးထားပြီး ဖြစ်သည့်အတွက် အဆိုပါ ကတိခံဝန်ချက်အတိုင်း တာဝန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
.
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်း ၇၅ ရာခိုင်နှုန်းခန့်သည် CDM လှုပ်ရှားမှုတွင် ပါဝင်ပြီးနောက် အချို့မှာ အလုပ် ပြန်လည်ဝင်ရောက်သူများ ရှိခဲ့သော်လည်း အများစုမှာ စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်တော်လှန်၍ CDM ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။
.
စစ်ကောင်စီက CDM ဆရာဝန်များကို လိုင်စင် ရုပ်သိမ်းခြင်း၊ မတရား ဖမ်းဆီးတရားစွဲဆို ထောင်ချခြင်းများ ပြုလုပ်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ ဆရာဝန်စုစုပေါင်း ၃၀ ဦး အသတ်ခံခဲ့ရပြီး ကျန်းမာရေးဝန်ထမ်း ၂၈၆ ဦး ဖမ်းဆီးခံရသည့်အပြင် တိုက်ခိုက်ခံရမှု အဖြစ် ဆေးရုံဆေးခန်းပေါင်း ၁၂၈ ခုနှင့် ကျန်းမာရေးဝန်ထမ်း ဖြစ်စဉ် ၄၁၅ ခုအထိ ရှိခဲ့ကြောင်း အမေရိကန် အခြေစိုက် PHR Physicians for Human Rights လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။