တောင်ကြီး၌ အမှိုက်သိမ်းခ ဈေးတက်သွားသော်လည်း အမှိုက်ကား ပုံမှန်လာရောက် သိမ်းဆည်းခြင်း မရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီး၌ အမှိုက်သိမ်းခ ဈေးတက်သွားသော်လည်း အမှိုက်ကား ပုံမှန်လာရောက် သိမ်းဆည်းခြင်း မရှိ


မြို့တော်‌တောင်ကြီး၌ အမှိုက်နှင့် မိလ္လာသိမ်းဆည်းခြင်း လုပ်ငန်းကို လုပ်ကိုင်နေသည့် မွှေးတောင်ကြီးကုမ္ပဏီသည် ပြီးခဲ့သည့် မတ်လမှ စတင်၍ အမှိုက်သိမ်းဆည်းခများကို ဈေးနှုန်း တိုးမြှင့် ကောက်ခံခဲ့သော်လည်း အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းအား ပုံမှန် လုပ်ကိုင် ဆောင်ရွက်ခြင်း မရှိသဖြင့် ဒေသခံများ အမှိုက်ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

.

“ပြီးခဲ့တဲ့ မတ်လက စပြီး အမှိုက်သိမ်းခ ဈေး တက်သွားပေမဲ့ အမှိုက်သိမ်းကားကြတော့ ရပ်ကွက်ထဲ ပုံမှန် မလာတော့ဘူး။ အရင်တုန်းက တစ်ပတ်ကို ၂ ရက် လာသေးတယ်။ အခုက တစ်ပတ်ကို တစ်ရက်တောင် မလာတော့ဘူး။ အမှိုက်ပစ်ဖို့ အဆင်မပြေတော့ဘူး။ ပိုက်ဆံကိုတော့ တိုးကောက်ပြီး အမှိုက်သိမ်းကားလည်း ပုံမှန်လာဖို့ လိုအပ်ပါတယ်” ဟု တောင်ကြီးဒေသခံ တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့ပေါ်တွင် အမှိုက်စွန့်ပစ်ရန် နေရာ အခက်အခဲ များစွာ ရှိနေပြီး အမှိုက်ကန် ထားရှိမှုမှာလည်း မြို့ပေါ် အိမ်ခြေနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေသည့်အတွက် ရပ်ကွက်များ အတွင်းသို့ အမှိုက်သိမ်းကား ပုံမှန်လာရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုလျက် ရှိသည်။

.

ယင်းကဲ့သို့ အမှိုက် စွန့်ပစ်ရန် အခက်အခဲ ဖြစ်ပေါ်မှုကြောင့် ပြည်သူအချို့က နေအိမ်ထွက် အမှိုက်များကို လမ်းဘေး ရေချောင်းများအတွင်း စွန့်ပစ်မှုများလည်း ရှိနေပြီး မိုးရာသီကာလတွင် ရေချောင်းပိတ်ဆို့ကာ ရေကြီးရေလျှံ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ ရှိနေသည့်အပြင် ရေချောင်းဘေး နေထိုင်သူများအတွက် အနံ့အသက်ဆိုးနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

.

မွှေးတောင်ကြီး ကုမ္ပဏီသည် ယခုနှစ် မတ်လမှ စတင်၍ အမှိုက်သိမ်းဆည်းခအား ယခင် ၂၀၀၀ ကျပ် ကောက်ခံသည့် ဈေးဆိုင်ငယ်များကို ၃၀၀၀ ကျပ် ကောက်ခံကာ နေအိမ် မီးဖိုချောင်ထွက် စွန့်ပစ်အမှိုက်များကိုလည်း ၄၀၀၀ ကျပ်မှ ၆၀၀၀ ကျပ် အထိ တိုးမြှင့်ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။

.

တောင်ကြီးမြို့ပေါ် ရပ်ကွက်များအတွင်း အမှိုက်သိမ်းဆည်းရေး လုပ်ငန်းကို မွှေးတောင်ကြီး အမှိုက်နှင့် မိလ္လာ သိမ်းဆည်းရေးကုမ္ပဏီက စည်ပင်သာယာရေးဌာနနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်မှ စတင်၍ နှစ် ၃ဝ လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။

Journal Download

Photo of three cats