ရှမ်းတောင် (၁၀၀၈)တပ်ရင်းက စခန်း ၃ ခု ဆုံးရှုံးခဲ့ရသော်လည်း စိတ်ဓါတ် အမြင့်ဆုံးဖြင့် တိုက်ပွဲဝင်နေသည်ဟု ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင် (၁၀၀၈)တပ်ရင်းက စခန်း ၃ ခု ဆုံးရှုံးခဲ့ရသော်လည်း စိတ်ဓါတ် အမြင့်ဆုံးဖြင့် တိုက်ပွဲဝင်နေသည်ဟု ထုတ်ပြန်

NUG လက်အောက်ရှိ ရှမ်းတောင် (၁၀၀၈) တပ်ရင်းက စခန်း ၃ ခု ဆုံးရှုံးခဲ့ရသော်လည်း စိတ်ဓါတ် အနေအထား အမြင့်ဆုံးဖြင့် တိုက်ပွဲဝင်နေဆဲ ဖြစ်သည်ဟု ယနေ့ မေလ ၂၇ ရက်တွင် ထုတ်ပြန်သည်။
.
ဖယ်ခုံအရှေ့ဖက်ကမ်း တိုက်ပွဲမှာ ၁၁ ရက်တာ ကြာမြင့်လာပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးများ အသုံးပြု၍ အင်အား အလုံးအရင်းဖြင့် ထိုးစစ် ဆင်မှုကြောင့် ဌာနချုပ်စခန်း အပါအဝင် စခန်း ၃ ခု ဆုံးရှုံးခဲ့ကြောင်း No.1008 Infantry-Southern Shan က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
(၁၀၀၈) တပ်ရင်းသည် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင် တပ်ဖြစ်သော်လည်း လက်နက် တပ်ဆင်ပေးမှုကို စောင့်မျော်နေဆဲဖြစ်ကြောင်းနှင့် လက်နက် မရှိသည့် နောက်တန်းကျန် ရဲဘော်များ တောထဲတွင် နေပူ မိုးရွာထဲ နေထိုင်နေရချိန် နေရာထိုင်ခင်းများ အကူညီ လာရောက်ပေးသည့် KNDF တပ်ရင်း (၂)၊ (၃)၊ (၁၁) တို့ကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ထားသည်။
.
“ ကိုယ်ထူကိုယ်ထ ကြိုးစားခဲ့တာကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ အရမ်း တန်ဖိုးကြီးတယ်။ စခန်း မရှိလည်း ရဲဘော်တွေက ဖြစ်ပါတယ်။ လက်နက်ခဲယမ်းအတွက်ဘဲ အလှူရှင်များအနေဖြင့် ကူညီပေးဖို့ ထပ်မံတောင်းဆိုပါတယ်။” ဟု ယင်းအဖွဲ့က ထုတ်ပြန်ချက်မှတစ်ဆင့် အကူအညီ တောင်းထားသေးသည်။
.
ပြီးခဲ့သည့် မေလ ၁၅ ရက်မှ စတင်ပြီး ညောင်ရွှေမြို့နယ် ထီးရီးမှ စတင်၍ ဖယ်ခုံအရှေ့ဖက်ကမ်းတွင် အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးလာသည့် PNO ပြည်သူ့စစ်များ ပါဝင်‌သော စစ်ကောင်စီတပ်နှင့် တပ်ရင်း (၁၀၀၈) အပါအဝင် ကရင်နီ ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေခြင်း ဖြစ်သည်။
.
အဆိုပါ တိုက်ပွဲများတွင် လက်ရှိ အချိန်ထိ စစ်ကောင်စီဘက်မှ ၃၀ ဦးထက် မနည်း ကျဆုံးခဲ့ပြီး  (၁၀၀၈) တပ်ရင်းမှ ၁ ဦး၊ ဖယ်ခုံ PDF မှ ၂ ဦး၊  KNDF တပ်ရင်း (၃) မှ ၁ ဦး၊ စုစုပေါင်း ၄ ဦး ကျဆုံးခဲ့‌ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
.
" စစ်ကူ လာရောက်ပေးပါသော ပြည့်သူ့ကာကွယ်ရေး အဖွဲ့များနှင့် အတူတိုက်ပွဲ ဝင်နေသော ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အားလုံး အထူးပင် ကျေးဇူးတင်ရှိပါသည်။" ဟု တပ်ရင်း (၁၀၀၈) က ဆိုသည်။
.
No.1008 Infantry Southern Shan တပ်ရင်းသည် ရှမ်းပြည်နယ် တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုများဖြင့် စုပေါင်း ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ (၃) လက်အောက်ခံ တပ်ရင်း ဖြစ်သည်။

Journal Download

Photo of three cats