ရှမ်းတောင်မှ သယ်ဆောင်သည့် ငွေကျပ် ၆ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးများကို ရန်ကုန်တွင် ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်မှ သယ်ဆောင်သည့် ငွေကျပ် ၆ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးများကို ရန်ကုန်တွင် ဖမ်းမိ


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် မေလ ၄ ရက်၊ ညနေပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းမှ သယ်ဆောင်လာပြီး ၎င်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၆ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ သီရိရတနာဈေးဝင်းတွင် မေလ ၄ ရက်နေ့ ည  ၇ နာရီခွဲအချိန်ခန့်က သတင်းအရ ယာဉ်မောင်း ဝင်းလှိုင်(ခ)ဦးချယ် နှင့် လှဘော် တို့ ၂ ဦးအား TOYOTA WISH မော်တော်ယာဉ်နှင့်အတူတွေ့ရှိပြီး ၎င်းယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၅၁ ကီလို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ၏ မူးယစ်ဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

မူးယစ်ဆေးဝါး သယ်ဆောင်ရာ၌ ပူးပေါင်း ပါဝင်သူများဖြစ်သည့် ထွန်းနိုင်နှင့် ဝင်းမြင့်တို့အား မေလ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် လည်းကောင်း၊ အားဂျီး (ခ) အားရှီးအား ကျောင်းကုန်းမြို့အဝင် တိုးဂိတ်တွင် လည်းကောင်း၊ ကိုပေါက် (ခ) အောင်မြတ်ဝင်း အား တာချီလိတ် မြို့နယ်၊ လွယ်ချီတုံကျေးရွာတွင် လည်းကောင်း၊ ထိုင်းနိုင်ငံသား စိုင်းရှန်ဖ (ခ) ဘောန် အား ပုသိမ်မြို့နယ်၊ ချောင်းသာ ဟိုတယ်တွင်လည်းကောင်း၊ ရှိုင်းထက်အောင် (ခ) ဆံရှည်၊ အေးသောင်း၊ မျိုးနိုင်နှင့် သန်းစိုးတို့အား မေလ ၇ ရက်က ဒလမြို့နယ်တွင်လည်းကောင်း၊ ဉာဏ်ဝင်းအား မေလ ၈ ရက်တွင်လည်းကောင်း၊ အောင်ကျော်ထွန်း (ခ) အိုက်ဆမ် အား မေလ ၁၁ ရက်က တာချီလိတ်မြို့၊ ပါလျှံတွင်ရပ်ကွက်တွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များအား ရှမ်းပြည်နယ်တောင်ပိုင်းမှ ရန်ကုန်တိုင်ဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ရေကြောင်းလမ်းကို အသုံးပြု၍ မလေးရှားနိုင်ငံ ရေပိုင်နက်သို့ သယ်ဆောင်မည် ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသူများအနက် ထိုင်းနိုင်ငံ သား စိုင်းရှန်ဖ(ခ) ဘောန်သည် ထိုင်းနိုင်ငံတွင် လူသတ်မှု၊ မူးယစ်ဆေးဝါးအမှုတို့ဖြင့် အလိုရှိ တရားခံပြေးဖြစ်ကာ အမှုတွင် ပူးပေါင်းပါဝင်ပြီး ထွက်ပြေးတိမ်း ရှောင်နေသူများ ဖြစ်သည့် စိုင်းဂွမ်(ခ)စိုင်းဂွမ်း၊ စိုင်းအောင်ညွန့်၊ အားချန် နှင့် လူဖီး တို့အပါအ၀င် စုစုပေါင်း ၁၈ ဦးအား ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်လုပ်ကိုင်ရာမှရရှိသည့် အကျိုး အမြတ်များနှင့် ပိုင်ဆိုင်မှုများအား စိစစ်ဖော်ထုတ်၍ ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့(ONCB)၊ မလေးရှားနိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့(NADA)တို့နှင့် ပူးပေါင်း၍ ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း စစ်ကောင်စီ၏ မူးယစ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Journal Download

Photo of three cats