ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ ရပ်ကွက်နှင့် ကျေးရွာများ၌ ရောင်းချနေသည့် စစ်ကောင်စီ ထုတ်ကုန်များကို မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (MBPDF) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တက်ရင်း(၃) တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်း၍ ဖျက်ဆီးခဲ့ကြောင်း MBPDF ၏ ယနေ့ မေလ ၁၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။
.
စစ်ကောင်စီ ထုတ်ကုန်များကို ထပ်မံ တင်သွင်းရောင်းချခြင်း မပြုလုပ်ရန်အတွက် ဧပြီလ ၂၁ ရက်တွင် ကြေညာခြင်း၊ ဧပြီလ ၂၆ ရက်နှင့် မေလ ၁၁ ရက်တွင် စျေးဆိုင်များ ကုန်စုံဆိုင်များသို့ လိုက်လံအသိပေး ကြေညာစာ ကပ်ခြင်း ပြုလုပ်ပြီးနောက် ပူးပေါင်းတပ်ဖွဲ့က ကွင်းဆင်း စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ စစ်ဆေးရာတွင် ဆိုင်အချို့သည် စစ်ကောင်စီ ထုတ်ကုန်များအား ဆက်လက် ရောင်းချနေသောကြောင့် သိမ်းယူ ဖျက်ဆီးမှုများ ပြုလုပ်ပြီးနောက် ဆိုင်ပိုင်ရှင်များအား ဆက်လက် ရောင်းချခြင်း မပြုလုပ်ရန် ထပ်မံ သတိပေးမှု ပြုလုပ်ခဲ့သည်ဟု MB PDF က ဆိုသည်။
.
ထို့အတူ စျေးဆိုင် ပိုင်ရှင်များအနေဖြင့် စစ်ကောင်စီထုတ်ကုန်များကို ထပ်မံ တင်သွင်းရောင်းချခြင်း မပြုလုပ်ရန် ထပ်မံမေတ္တာရပ်ခံကြောင်းနှင့် လိုက်နာမှု မရှိပါက ထိရောက်သော အရေးယူမှုများကို ဆက်လက်ပြုလုပ်မည် ဖြစ်ကာ အမြတ်ငွေသည် သွေးစွန်းငွေ မဖြစ်ရန်အတွက် အထူး သတိပြုစေလိုသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။