ဘီးလင်းမြို့နယ်အတွင်း၌ စစ်ဘေးရှောင်ဦးရေ မြင့်တက်လာပြီး အခက်အခဲများစွာ ရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဘီးလင်းမြို့နယ်အတွင်း၌ စစ်ဘေးရှောင်ဦးရေ မြင့်တက်လာပြီး အခက်အခဲများစွာ ရှိနေ


ကရင်ပြည်နယ်၊ ဘီးလင်းမြို့နယ် အတွင်း၌ စစ်ဘေးရှောင် ဦးရေ မြင့်တက်လာနေပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်၊ သောက်သုံးရေ အခက်အခဲများ ရှိနေကြောင်း သိရသည်။

.

အာဏာသိမ်း စစ်ကောင်စီမှ လေယာဥ်ဖြင့် ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာ အတွင်းသို့ လာရောက် ပစ်ခတ်ပြီးနောက်ပိုင်း ဒေသခံစစ်ဘေးရှောင်ဦးရေ ၁၀၀၀၀ ကျော်အထိ ရှိလာသည်ဟု KNU က ယနေ့ မေလ ၆ ရက်တွင် ထုတ်ပြန်သည်။

.

" စစ်ဘေးရှောင်တွေက များလာတော့ နေရာထိုင်ခင်း အခက်အခဲ ရှိတယ်၊ အိမ်မှာလည်း ပြန် မယူရဲကြတော့ အခြေခံစားသောက်ကုန် ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား စတာတွေတော့ လိုအပ်တယ်၊ သောက်သုံးရေနဲ့ အိမ်သာ အခက်အခဲလည်း ရှိတော့ တစ်ချို့လည်း ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်နေကြတယ်" ဟု စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက KNU သို့ ပြောဆိုထားသည်။

.

လက်ရှိတွင် ကေအဲန်ယူ-သထုံခရိုင် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီမှ ရပ်ဝေး၊ ရပ်နီးမှ အလှူရှင်များနှင့် ချိတ်ဆက်ကာ ဒေသခံ စစ်ဘေးရှောင် ပြည်သူများအား ထောက်ပံ့ စောင့်ရှောက်မှုများ ပြုလုပ်နေသော်လည်း စစ်ရှောင်ဦးရေ ယခင်ကထက် ပို များလာသဖြင့် ဆေးဝါး၊ သောက်သုံးရေနှင့် အခြေခံ စားသောက်ကုန်များ လိုအပ်နေသေးကြောင်းသိရသည်။


ကေအဲန်ယူ-သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေအား မြို့နယ် ၄ မြို့နယ်၊ အထူးဒေသ တစ်ခုဖြင့် ဖွဲ့စည်းထားပြီး လက်ရှိ အခြေအနေအရ သထုံ၊ ဖားအံ၊ ဘီးလင်း၊ ကျိုက်ထို မြို့နယ် ၄ ခုလုံးတွင် စစ်ရေး တင်းမာလျက် ရှိသည်။

.

ထို့အပြင် သထုံခရိုင်အတွင်း၌ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်များက ဒေသခံပြည်သူများကို နှိပ်စက် ညှင်းပန်းခြင်း၊ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ အရပ်သားပြည်သူများကို စစ်ယူနီဖောင်းဝတ်ဆင်စေပြီး စစ်ရေးအရ လိမ်လည် အသုံးချခြင်း၊ အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ လူနေထိုင်ရာ ဒေသများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်လျှက် ရှိသည်ဟု KNU က ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats