မိုးဗြဲဆည် ဆီမီးလော့ရွာ အနီး၌ ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ မေလ ၁၆ ရက်၊ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် ဆောင်နန်းခဲရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရှမ်းတောင် ၁၀၀၈ တပ်ရင်းက ယနေ့တွင် ထုတ်ပြန်သည်။
.
တိုက်ပွဲအတွင်း ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်ဘက်မှ ထိခိုက်မှု မရှိဘဲ စစ်ကောင်စီဘက်၏ ထိခိုက်မှုကိုလည်း အတည် မပြုနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ ယခင်နေ့ (မေလ ၁၅ ရက်)က တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာ အနီးရှိ ဆောင်နန်းခဲရွာကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ မီးရှို့ ဖျက်စီးခဲ့သည်ဟု ၁၀၀၈ တပ်ရင်းက မှတ်တမ်းဓါတ်ပုံများနှင့် တကွ ဖော်ပြထားသည်။
.
အဆိုပါ ဆောင်နန်းခဲရွာ မီးရှို့ဖျက်ဆီး ခံရမှု အပေါ် စစ်ကောင်စီအာဘော် သတင်းစာတွင် PDF က မီးရှို့ဖျက်ဆီးသည်ဟု ဖော်ပြထားပြီး တယ်လီဂရမ် ချန်နယ် တစ်ခုက KNDF နှင့် PDF များ ဆောင်းနန်ခဲကျေးရွာဘက်သို့ ဆုတ်ခွာသွားသည့်အတွက် စစ်ကောင်စီနှင့် PNO အဖွဲ့များမှ နယ်မြေ ရှင်းလင်းနေခြင်း ဖြစ်ပြီး မီးရှို့ခြင်း မရှိဟု ဖော်ပြသည်။
" မနေ့က (ဆောင်နန်းခဲတွင်) တိုက်ပွဲ မဖြစ်ဘူး၊ စစ်တပ်နဲ့ ပြည်သူ့စစ်က ရွာထဲ ဝင်လာရှို့တာ။ ဆဲဆို ကြိမ်းမောင်း ပြီးတော့ အိမ်တွေကို မီးရှို့တာ။ အတော်များတယ်။ မနေ့ကရော၊ ဒီမနက်ရော ဆီမီးလော့ ဘက်မှာ တိုက်ပွဲ ဖြစ်နေတယ်တဲ့။ " ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
ဆီမီးလော့ရွာ အနီးတွင် ယနေ့ မေလ ၁၇ ရက်၊ နံနက်ပိုင်းတွင်လည်း ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။