အာဏာသိမ်း စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့၏ ဆွေးနွေးပွဲကို မနက်ဖြန် မေလ ၂၀ ရက်တွင် စတင်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ပြုလုပ်သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
.
အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ခု စာရင်းပေးထားသည့်အနက် အဖွဲ့အစည်း ၃ ခုမှ ဥက္ကဋ္ဌများ ကိုယ်တိုင် တက်ရောက်မည် ဖြစ်ကာ ကျန်အဖွဲ့များမှ ဒုဥက္ကဋ္ဌများ၊ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်မည်ဟု ၎င်းက ဆိုသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှ တဆင့် တာချီလိတ်မြို့သို့ ရောက်ရှိလာပြီးနောက် ယင်းမှတစ်ဆင့် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာခဲ့ကြောင်းလည်း သိရသည်။
.
စစ်ကောင်စီ ဦးဆောင် ပြုလုပ်မည့် ဆွေးနွေးပွဲ တက်မည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှာ NCA လက်မှတ် ရေးထိုးထားသည့် RCSS/SSA၊ NMSP၊ KNU/KNLA-PC၊ DKBA၊ ALP၊ PNLO၊ LDU တို့နှင့် NCA လက်မှတ် ရေးထိုးခြင်း မရှိသေးသည့် SSPP/SSA၊ UWSA နှင့် NDAA-မိုင်းလားအဖွဲ့တို့ ဖြစ်ကာ လက်ရှိ စစ်ရေးပဋိပက္ခများနှင့် တင်းမာမှုများ ဖြစ်ပေါ်နေသည့် အဖွဲ့များမှာ ဆွေးနွေးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။