ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ တတန်ကူးကျေးရွာရှိ ကယန်းလူမျိုးများ သက်ဝင်ယုံကြည်ရာ မယ်တော်ရုပ်တု ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။
.
စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက မယ်တော်ရုပ်တုကို ယနေ့ မေလ ၁၀ ရက်၊ နံနက်ပိုင်းတွင် လာရောက်ဖျက်ဆီးသွားခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည့် အပြင် ယင်းလုပ်ရပ်အပေါ် KNDF တပ်ရင်း(၃)ကလည်း ပြစ်တင်ရှုတ်ချထားသည်ကို တွေ့ရသည်။
" ငါတို့ဒေသက မိန်းကလေးတွေကို မတရား ပြုကျင့်တယ်၊ ငါတို့ လူငယ်တွေကို သတ်တယ်၊ ငါတို့ အိမ်ကို မီးရှို့တယ်၊ ငါတို့ ယုံကြည်ရာကို ဖျက်စီးတယ်။ ဆိုးတယ်၊ မိုက်တယ်၊ ရိုင်းတယ် ဆိုတာတွေ အားလုံးကို ငါတို့ ပြည်နယ်သားတွေအပေါ် ကျူးလွန်ခဲ့တာ နှစ်ပေါင်း ၇၀ ကျော် ကြာတာတောင် အားမရသေးဘူးလား။ ငါတို့မျိုးဆက်မှာ မင်းတို့ရဲ့ မိုက်ရိုင်းမှုတွေကို အဆုံးသတ်မယ်။ စစ်ဖိနပ်အောက်က ဘဝတွေ ဖြစ်မှာ ငါတို့မျိုးဆက်က နောက်ဆုံးပဲ။ " ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ တပ်များသည် " PDF များနှင့် မပတ်သတ်နဲ့ " ၊ " No connect with PDF " စာသားကိုပါ ရေးသားချန်ထားခဲ့ပြီး ကက်သလစ်ဘာသာဝင်များ ချစ်မြတ်နိုးသော မယ်တော်ရုပ်တုကို ဖျက်ဆီး ပြခြင်းမှာ ယုတ်ညံ့လွန်းသည်ဟုလည်း KNDF က ဆိုသည်။
.
အဆိုပါ ဖျက်ဆီးခံရမှုကြောင့် မယ်တော်ရုပ်တု၏ မျက်နှာနှင့် လက်များ ကျိုးပဲ့ပျက်စီးခဲ့ရသည့် အပြင် ရုပ်တုမှာ မြေပေါ်လဲကျသည်အထိ ဖျက်စီးခံခဲ့ရကြောင်း သိရသည်။