တောင်ကြီးမြို့ပေါ်ရှိ တစ်ပတ်ရစ် လက်ကိုင်ဖုန်း အရောင်းအဝယ် ဈေးကွက်၌ ဝယ်ယူသူထက် ပြန်လည် ရောင်းချ လိုသူက ပိုမို များပြားနေကြောင်း သိရသည်။
.
ယခင်က တစ်ပတ်ရစ် လက်ကိုင်ဖုန်း ဈေးကွက်၌ ဝယ်ယူသူ များပြားခဲ့သော်လည်း ယခု နောက်ပိုင်းတွင် အလုပ်အကိုင် ရှားပါးကာ ငွေကြေး လိုအပ်ချက်များကြောင့် ပြန်လည် ရောင်းချလိုသူ များပြားနေခြင်းဖြစ်ကြောင်း သိရသည်။
“ ဒီ ရက်ပိုင်းအတွင်း ဝယ်တဲ့သူထက် ရောင်းတဲ့သူက ပိုများတယ်။ ပြဿနာ ကင်းတဲ့ အလုံးတွေဆိုရင်တော့ သင့်တော်တဲ့ဈေးနဲ့ ပြန်ဝယ်ပေးပါတယ်။ တစ်ခါတလေ ခိုးရာပါတွေ ပါလာတတ်လို့ တော်တော်တော့ သတိထားဝယ်ရတယ်” ဟု တစ်ပတ်ရစ်လက်ကိုင်ဖုန်း အရောင်းအဝယ် လုပ်ကိုင်သူ တစ်ဦးက ပြောသည်။
.
တစ်ပတ်ရစ်ဖုန်း ဈေးကွက်အတွင်း ငွေကျပ် တစ်သိန်းအောက် လက်ကိုင်ဖုန်းများမှာ အရောင်းအဝယ် ပိုမိုများပြားပြီး ယခုအခါ နေ့စဉ် လာရောက် ရောင်းချသူ ၁၀ ဦးခန့် ရှိကြောင်း ၎င်းက ပြောဆိုသည်။
.
COVID-19 ကပ်ရောဂါ အပြင် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာမှုနှင့် ဝင်ငွေ နည်းပါးပြီး စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်လာမှုတို့ကြောင့် အရေးပေါ် ငွေ လိုသူများသည် လက်ကိုင်ဖုန်းကို ပြန်လည် ရောင်းချ၍ ဖြေရှင်းကြခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ လက်ကိုင်ဖုန်းအသစ် ရောင်းချသည့် ဈေးဆိုင်များတွင်လည်း ယခင်ကထက် ရောင်းအား သိသာစွာ ကျဆင်းနေကြောင်း သိရသည်။