ကရင်နီ (ကယား)ပြည်နယ်ရှိ လောပိတရေအားလျှပ်စစ်စက်ရုံ ရေလျှံလုံခြုံရေးရဲကင်း၌ စောင့်နေသည့် ရဲ ၈ ဦးကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့က သေနတ် ပစ်ဖောက်ရခြင်း မရှိဘဲ ဖမ်းဆီးခဲ့သည်ဟု သိရသည်။
.
ဧပြီလ စတုတ္ထအပတ် တိုက်ပွဲသတင်း အခြေအနေကိုယနေ့ မေလ ၁ ရက်တွင် KNDF က သတင်းထုတ်ပြန်ရာတွင် ယင်းကဲ့သို့ ထည့်သွင်း ဖော်ပြလာခြင်း ဖြစ်သည်။
.
အဆိုပါ စစ်ကောင်စီ၏ လုံခြုံရေးရဲကင်းကို ဧပြီလ ၂၉ ရက်တွင် ကရင်နီ ပူးပေါင်းတပ်က အလစ်အငိုက် ရယူ၍ ဝင်ရောက် စီးနင်းပြီးနောက် ရဲ ၈ ဦးကို သေနတ် ၈ လက် အပါအဝင် ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး၍ ကရင်နီပြည်ရဲဌာန(KSP) ထံ လွှဲအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး အပါအဝင် လျှပ်စစ်ဝန်ထမ်း ၂၆ ဦးကို ကရင်နီ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးကာ KSP ထံ လွှဲအပ်ထားကြောင်း သိရသည်။