မြန်မာနိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက် အကြွင်းအကျန်များကြောင့် ၂၀၂၂ ခုနှစ် ပထမ သုံးလတာ ကာလအတွင်း အရပ်သား ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ စုစုပေါင်း ၁၀၀ ရှိခဲ့ပြီး ယင်းအနက် ရှမ်းပြည်နယ်မှ အများဆုံး ပါဝင်ကြောင်း သိရသည်။
.
မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက် အကြွင်းအကျန်များကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ ၁၀၀ ဦး ရှိသည့်အနက် ရှမ်းပြည်နယ်တွင် ၆၇ ဦးဖြင့် အများဆုံး ပါဝင်သည်ဟု ယမန်နေ့ မေလ ၁၈ ရက်တွင် United Nations OCHA Myanmar က ထုတ်ပြန်သည်။
အဆိုပါ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ ၁၀၀ ဦးတွင် ကလေးငယ် ထိခိုက် သေဆုံးမှု ၃၇ ဦး ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်လင်းကျေးရွာမှ အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးသည် မေလ ၅ ရက်က လက်ဖက်ခြံမှ အိမ်အပြန် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့ကြောင်းနှင့် နမ္မတူမြို့နယ်၊ မန်ဆာလုံကျေးရွာအုပ်စု၊ နားပိန်းကျေးရွာမှ အသက် ၂၆ နှစ်အရွယ် အမျိုးသားသည်လည်း မေလ ၉ ရက်က စိုက်ပျိုးခြံမှ နေအိမ်အပြန်လမ်းတွင် မြေမြှုပ်မိုင်း နင်းမိပြီး ဒဏ်ရာရရှိခဲ့သည်ဟု UNOCHA က ဆိုသည်။
.
မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက် အကြွင်းအကျန်များသည် မြန်မာနိုင်ငံ၏ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ အရပ်သားများ၏ အသက်နှင့်ဘ၀ လုံခြုံမှုများအား ဆက်လက်ခြိမ်း ခြောက်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။