“ ဆီတင်သွင်းတဲ့ ကုမ္ပဏီကြီးတွေမှာ 92, 95 တွေ ပြတ်မယ်လို့ ကြားနေရတယ်။ အဲဒါကြောင့် အလုပ်ပျက်မသွားအောင် ရသလောင် ဝယ် စုထားတာပါ။ အများကြီး ဝယ်လို့တော့ မရဘူး။ အခြေအနေ စောင့်ကြည့်ရမှာပါပဲ။ ဈေးကတော့ မတက်ဘူးပဲ။ ” ဟု တောင်ကြီးမြို့ပေါ်မှ စက်သုံးဆီ လက်လီရောင်းချသူ တစ်ဦးက ပြောသည်။
.
ပြည်တွင်းသို့ စက်သုံးဆီ အဓိက တင်သွင်းရောင်းချနေသည့် Denko ကုမ္ပဏီတွင် ဆက်လက် ရောင်းချရန် လက်ကျန် နည်းပါးနေသည့်အတွက် မြို့ကြီးအချို့ကိုသာ ရောင်းချနိုင်မည် ဖြစ်ပြီး ကျန်မြို့များရှိ ဆိုင်ခွဲ ၃၈ ခုတွင် လက်ကျန် ကုန်ပါက ရောင်းချမှု ရပ်နားထားရမည့် အခြေအနေတွင် ရှိနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ သတင်းများ ထွက်ပေါ်ပြီးနောက် Denko ကုမ္ပဏီက "စက်သုံးဆီတင် သင်္ဘောများ ရောက်ရှိပြီး ဖြစ်ပါ၍ စက်သုံးဆီများကို အခက်အခဲ မရှိ အပြည့်အဝ ရောင်းချပေးလျက် ရှိပါကြောင်း" ဟု မေလ ၁၉ ရက် နေ့လယ်ပိုင်းတွင် ကြေညာခဲ့သည်။
.
" ဆီက ပြတ်မယ် ပြောလိုက်၊ မပြတ်ဘူး ပြောလိုက်နဲ့။ တကယ် ပြတ်ရင်လည်း ဘာမှ လုပ်လို့ မရတော့ ကြိုပြီး ဝယ် စုတာ မမှားနိုင်ဘူး။ ဒါပေမဲ့လည်း မီးဘေးအန္တရာယ်ကို သတိပြုဖို့တော့ လိုတာပေါ့။ " ဟု မြို့ခံ တစ်ဦးက ဆိုသည်။
.
ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း ယခုကဲ့သို့ပင် စက်သုံးဆီ ပြတ်လပ်နိုင်သည် ဆိုသည့် သတင်းကြောင့် စက်သုံးဆီ အရောင်းဆိုင်ကြီးများ အပါအဝင် လက်လီဆိုင်များတွင် တိုးဝှေ့ဝယ်ယူခဲ့ကြသဖြင့် 92 တစ်လီတာလျှင် ၃၀၀၀ ကျပ်အထိ ဈေး မြင့်တက်ခဲ့ဖူးသည်။