မဲခေါင်သတင်းဌာန အပါအဝင် အခြား သတင်းဌာနများသို့ သတင်းပေးပို့နေသည့် အလွတ်တန်းသတင်းထောက် မောင်မျိုး (ခ) ကိုမောင်မောင်မျိုးကို မေလ ၁၀ ရက်၊ ညနေပိုင်းက ဘားအံမြို့၊ သံလွင်တံတားတွင် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။
.
စစ်ကောင်စီက မြဝတီမြို့မှ မန္တလေးမြို့သို့ သွားသည့် ခရီးသည်တင် ယာဉ်တစ်စီးအား မေလ ၁၀ ရက်၊ ညနေ ၆ နာရီခန့်က သံလွင်တံတားတွင် စစ်ဆေးစဉ် ကိုမောင်မောင်မျိုး၏ လက်ကိုင်ဖုန်းအတွင်းရှိ Facebook အကောင့်တွင် မျှဝေထားသည့် သတင်းများကို တွေ့ရှိရာမှ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
.
ကိုမောင်မောင်မျိုး၏ ဖေ့စ်ဘွတ်အကောင့်တွင် မဲခေါင်သတင်းဌာနမှ သတင်းများကို ပြန်လည်မျှဝေထားခြင်း၊ PDF များနှင့် ဆက်သွယ်သတင်းရေးသားခြင်း၊ နိုင်ငံရေးသတင်းများနှင့် လေးကေကော်တိုက်ပွဲ သတင်းများရေးသားခြင်း တို့ကြောင့်ဟုဆိုကာ ဖမ်းဆီးစစ်ဆေး နေကာ လက်ရှိတွင် ကိုမောင်မျိုးမျိုးကို မည်သည့်နေရာတွင် ဖမ်းဆီးထားပြီး မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို မသိရသေးကြောင်း မဲခေါင်သတင်းတွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား အယောက် ၁၆၀ ကျော်ကို ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်း ထုတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ယင်းအနက် သတင်းသမား ၅၀ ကျော်သည် အကျဉ်းထောင်များတွင် ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ကာ သတင်းမီဒီယာ ၁၁ ခုသည် အာဏာသိမ်း စစ်ကောင်စီ၏ လိုင်စင် ပိတ်သိမ်းခြင်းကို ခံခဲ့ရပြီး သတင်းသမား ၃ ယောက်သည်လည်း စစ်မြေပြင်နှင့် စစ်ကြောရေးတွင် ကျဆုံးခဲ့ရသည်။