ပြည်သူများအား အလှည့်ကျ လျှပ်စစ်မီး ပေးနေသော်လည်း စစ်ကောင်စီတပ်များတွင် ၂၄ နာရီ လျှပ်စစ်မီး ပေးထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်သူများအား အလှည့်ကျ လျှပ်စစ်မီး ပေးနေသော်လည်း စစ်ကောင်စီတပ်များတွင် ၂၄ နာရီ လျှပ်စစ်မီး ပေးထား


မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်ဒေသ အသီးသီးတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုကို ဆိုးရွားစွာ ကြုံတွေ့နေရပြီး ပြည်သူများအား အလှည့်ကျ လျှပ်စစ်မီး ပေးနေသော်လည်း ရှမ်း‌ပြည်နယ် တောင်ပိုင်းရှိ စစ်ကောင်စီတပ်များတွင် ၂၄ နာရီ လျှပ်စစ်မီး ပေးထားကြောင်း သိရသည်။

.

ပြည်သူများ နေထိုင်သည့် ရပ်ကွက်များအား အချိန်ပိုင်းဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေသော်လည်း စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်များ ဖြစ်သည့် ရပခ ၊ ရလခ အပါအဝင် စစ်ကောင်စီတပ် နေရာများနှင့် ရှမ်းပြည်နယ်အစိုးရ၊ လွှတ်တော်ရုံး နေရာများနှင့် စီးပွားရေးလုပ်ငန်း နေရာအချို့ကိုမူ ၂၄ နာရီ လျှပ်စစ်ဓါတ်အား ပေးထားကြောင်း တွေ့ရသည်။

.

“ဆေးရုံလို နေရာကို ၂၄ နာရီ ပေးတယ် ဆိုတာကတော့ ထားပါတော့။ သူတို့ စစ်တပ်တွေက ဘာလို့ အခွင့်ထူးခံပြီး ၂၄ နာရီ ပေးထားရတာလဲ။ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စစ်တပ်က နေရာတိုင်းမှာ အခွင့်ထူးခံ ဖြစ်နေတယ်။ ” ဟု အမည် မဖော်လိုသူ ဌာနဆိုင်ရာ ဝန်ထမ်း တစ်ဦးက ဝေဖန်သည်။

.

အရပ်သား အစိုးရထံမှ လက်နက်အားကိုးဖြင့် မတရား အာဏာ ရယူထားသည့် စစ်ကောင်စီ လက်ထက်တွင် အလုပ်အကိုင် ရှားပါးခြင်း၊ စက်သုံးဆီနှင့် အထွေထွေကုန်ဈေးနှုန်းများ ကြီးမြင့်ခြင်းတို့ကြောင့် ပြည်သူများ အခက်အခဲ ဖြစ်ပေါ်နေချိန်တွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ဆိုးရွာစွာ ထပ်မံ ကြုံတွေ့လာရသည့်အတွက် အပို ကုန်ကျစရိတ် များပြားပြီး ပြည်သူများ ပိုမိုခက်ခဲ‌နေကြကြောင်း သိရသည်။

.

“အလုပ်အကိုင်ကလည်း အရင်လို မကောင်းဘူး။ ဝင်ငွေသာ လျော့သွားတယ်။ ကုန်ဈေးနှုန်းက အကုန်တက်နေတယ်။ အခု လျှပ်စစ်မီးကပါ ဒီလို ထပ်ပြတ်နေတော့ မီးသွေးဖိုးက အစ ပိုကုန်ရတယ်။ ဒီကြားထဲ မီးက လာချင်သလို လာ၊ ပြတ်ချင်သလို ပြတ် ဆိုတော့ ထမင်းအိုးတည်ရင်း ထမင်း ပျက်ရတာလည်း ခဏခဏပါပဲ” ဟု တောင်ကြီးမြို့နေသူ တစ်ဦးက ပြောသည်။

.

ထို့အတူ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် သောက်သုံးရေ လုံလောက်စွာ ရရှိရန်လည်း ခက်ခဲလာနေကြောင်း ဒေသခံတစ်ဦးကလည်း‌ ပြောသည်။

.

“မီး မလာတော့ ရေ မတင်ရဘူးပေါ့။ ယုတ်စွအဆုံး မနက် အိပ်ရာထလို့ အိမ်သာ သွားချင်ရင်တောင် ရေ မရှိ ဖြစ်နေရတယ်။ မီးလာတဲ့ အချိန်ကို စောင့်ပြီး တကူးတက ရေတင်နေရတော့ တခြား အလုပ်တွေလည်း ပျက်တယ်။ ပြီးတော့ တစ်ခါတလေ မီးလာတဲ့အချိန်က လူအိပ်တဲ့အချိန် ညသန်းခေါင်ကျော် ဆိုတော့ တော်တော် ဒုက္ခရောက်ပါ တယ်။ ရေကား မှာသုံးရတဲ့ ရပ်ကွက်တွေမှာလည်း အရင်လို ရေကို မှာချင်တိုင်း မှာလို့မရတော့ဘူး။ စောင့်ရတယ်။ ခက်တယ်” ဟု ၎င်းက ဆိုသည်။

.

တောင်ကြီးမြို့နယ် အပါအဝင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ်အသီးသီးအား အုပ်စု ၅ ခု ခွဲ၍ အချိန်ပိုင်းဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေခြင်း ဖြစ်ပြီး ပျှမ်းမျှအားဖြင့် အုပ်စု တစ်ခုလျှင် ၄ နာရီခန့်သာ လျှပ်စစ်ဓါတ်အားကို အသုံးပြုခွင့် ရခြင်း ဖြစ်သည်။

.

“လျှပ်စစ်မီးကို တစ်ခါ ပေးရင် နည်းနည်း ပေးနေတော့ ဘာအလုပ်မှလည်း လုပ်လို့ မရဘူး။ အလုပ် တွေက လျှပ်စစ်မီး ရှိမှ လုပ်လို့ရတာ။ မီးစက်နဲ့ လုပ်မယ်ဆိုရင်လည်း ဓါတ်ဆီဈေးက ကြီးတော့ အဆင်မပြေဘူး။ ဒီကြားထဲ အချိန်ပိုင်းနဲ့ ပေးပါတယ်ဆိုမှ ကိုယ့်ရပ်ကွက် လာရမယ့် အချိန်မှာ လေတိုက်လို့၊ မိုးရွာလို့၊ System Break Down လို့ ဆိုပြီး တစ်ခါ ထပ်ပြတ်တာလည်း ကြုံရသေးတယ်။ ဒီအတိုင်းဆိုရင်တော့ ဆိုင်ပိတ်ထားရမယ့် အခြေအနေ ဖြစ်နေပြီ” ဟု တောင်ကြီးမြို့နေ တစ်ပိုင်တစ်နိုင် အသေးစား လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

.

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးပြတ်တောက်မှုမှာ ဆယ်စုနှစ်ကျော် ကာလအတွင်း အဆိုးရွားဆုံး အခြေအနေ ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး ယခင် သမ္မတ ဦးသိန်းစိန် လက်ထက်နှင့် NLD အရပ်သားအစိုးရလက်ထက်များတွင် လျှပ်စစ်ဓါတ်အား မလုံလောက်မှု ဖြစ်ပေါ်ခဲ့ဖူးသော်လည်း ယခုလောက် မဆိုးရွားကြောင်း ပြည်သူများက ပြောဆိုကြသည်။

Journal Download

Photo of three cats