တစ်နှစ်ကျော် ကာလအတွင်း ၂၄ ပြည်ဝင် ဆန်တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀၀ ကျော်ထိ ဈေး တက်လာသည်ဟု တောင်ကြီးမြို့ရှိ ဆန် အရောင်းဆိုင်များထံမှ သိရသည်။
.
စစ် အာဏာသိမ်းပြီး နောက်ပိုင်း အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာကာ မရှိမဖြစ် အခြေခံ စားသောက်ကုန် ဖြစ်သည့် ဆန်ဈေးမှာ နေ့စဥ်နှင့်အမျှ ဈေးတက်လာနေခြင်း ဖြစ်ကြောင်း သိရသည်။
.
" အခုနောက်ပိုင်း ဆန်ဈေးက အချောရော၊ အကြမ်းပါ နေ့တိုင်းလိုလို ဈေးက တက်နေတာ။ မရှိမဖြစ်စားသောက်ကုန်တွေက ဈေးတက်နေတော့ မိသားစုများတဲ့ အိမ်တွေဆို တော်တော် ဒုက္ခရောက်ကြတယ်။ ခေတ်ကိုက လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင် ဆိုသလို ဖြစ်နေပြီ။ " ဟု တောင်ကြီးမြို့ပေါ်နေ အိမ်ရှင်မ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ် ဆန်ဈေးကွက်တွင် ပေါ်ဆန်းမွှေးဆန် (ကောင်း) တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်ဝန်းကျင်၊ အလတ်စား ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ၅၅၀၀၀ ကျပ်နှင့် ဆန်ကြမ်း တစ်အိတ်လျှင် ၄၀၀၀၀ ကျပ် ဝန်းကျင်ရှိကြောင်း သိရသည်။
" စက်သုံးဆီဈေးနှုန်းက ၃ ဆလောက် တက်သွားတော့ ကားတင်ခတွေ ဈေးတက်သွားတာ။ အဲဒါကြောင့် ဆန်ဈေးလည်း လိုက်တက်သွားတာပေါ့။ကျွန်တော်တို့လည်း လာဝယ်နေကျ ဖောက်သည်တွေအဆင်ပြေအောင် တတ်နိုင်သလောက် ဈေးနှုန်းကိုထိန်းပြီး ရောင်းပေးနေပါတယ်" ဟု တောင်ကြီးမြို့ပေါ်ရှိ ဆန် အရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် ဆန်ဈေးနှုန်းအပြင် အခြားသော အခြေခံ စားသောက်ကုန် ဈေးနှုန်းများလည်းမြင့်တက်လျှက်ရှိပြီး စားအုန်းဆီမှာ တစ်ပိသာ ၁၀၀၀၀ ဝန်းကျင်နှင့် ပဲဆီသန့် တစ်ပိသာလျှင် ၁၅၀၀၀ ခန့်ထိ ရှိ ဈေး မြင့်တက်လာကြောင်း သိရသည်။