မြို့တော် တောင်ကြီးရှိ အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်တွင် ဝယ်လက် မရှိသဖြင့် အရောင်းအဝယ် မရှိသလောက် ဖြစ်နေကြောင်း သိရသည်။
.
ယခင်က ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများမှ လာရောက် ရင်းနှီးမြှုပ်နှံ ဝယ်ယူကြသဖြင့် အရောင်းအဝယ် အနည်းငယ် ရှိခဲ့သော်လည်း အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း လာရောက် ဝယ်ယူခြင်း မရှိတော့သဖြင့် အိမ်ခြံမြေဈေးကွက် အေးစက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
.
“အရင်က မြို့ကြီးတွေဘက်က ဝယ်လက်တွေ လာပြီး ရင်းနှီးမြှုပ်နှံကြတော့ မြေကွက် အရောင်းအတယ် နည်းနည်း ပါးပါး ဖြစ်သေးတယ်။ အခုနောက်ပိုင်း ငွေသွင်းငွေထုတ် အခက်အခဲ ဖြစ်တာရယ်၊ နိုင်ငံရေးအခြေအနေ မကောင်းတာရယ်နဲ့ ရန်ကုန်၊ မန္တလေးက ဝယ်လက်တွေ မလာတော့ အရောင်းအဝယ်က လုံးဝကို မရှိတော့ဘူး” ဟု တောင်ကြီး မြို့နေ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
တောင်ကြီးမြို့ အနီးဝန်ကျင်၊ တောင်ကြီး-ကျောက်တလုံးသွား ကားလမ်းမဘေးရှိ ပန်သခွား၊ လွယ်ကောင်း၊ ဖာမွန်း၊ နောင်ကား၊ ညိုမီး၊ နားဘောင် အစရှိသည့် ကျေးရွာများမှ မြေကွက်များမှာလည်း ယခင်က အရောင်းအဝယ် ကောင်းခဲ့သော်လည်း ယခုအခါ ဝယ်ယူသူ မရှိဘဲ ပြန်လည်ရောင်းချလိုသူသာ များပြားနေကြောင်း သိရသည်။
.
အဆိုပါ ကျေးရွာများ အနီးရှိ မြေကွက်များမှာ ငွေကျပ် ၂၅ သိန်းမှ သိန်း ၁၀၀ ဝန်းကျင်အထိ ပေါက်ဈေး ရှိပြီး လမ်းဘေးရှိ အကွက်များမှာမူ ကျပ်သိန်း ၁၅၀ မှ သိန်း ၂၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရသည်။