အိမ်မသာလို့ ဧည့်မလာတော့တဲ့ နောင်အင်းလေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အိမ်မသာလို့ ဧည့်မလာတော့တဲ့ နောင်အင်းလေး


အင်းလေးကန်လို့ ဆိုလိုက်တာနဲ့ မြန်မာပြည်တွင်းသာမက ကမ္ဘာအရပ်ရပ်ထိ ထင်ရှားကျော်ကြားတဲ့ အမည်နာမ တစ်ခု။ အင်းလေးကန်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ထဲမှာ တည်ရှိပြီး မြန်မာနိုင်ငံအတွင်း ဒုတိယအကြီးဆုံး ကုန်းတွင်းရေကန်ကြီး ဖြစ်ပါတယ်။

.

တောင်မြောက်အလျား ၁၄ မိုင်၊ အရှေ့အနောက်အနံ ၃ မိုင်ခွဲခန့် ကျယ်ဝန်းပါတယ်။ အင်းလေးကန်ရဲ့ ရေအနက်ကတော့ မိုးရာသီမှာ ၁ဝ ပေခန့် ရှိပြီး နွေရာသီရေကျချိန်မှာ အနက်ဆုံးနေရာ ၅ ပေ ပတ်လည်ခန့်ရှိပါတယ်။ အင်းလေးကန်ကြီး အတွင်းမှာ အင်းသူအင်းသားများ အဓိက နေထိုင်ပြီး ရှမ်း၊ ပအိုဝ်း၊ တောင်ရိုး၊ ဗမာ အစရှိတဲ့ တိုင်းရင်းသားတွေ စုပေါင်း မှီတင်း နေထိုင်ကြပါတယ်။

.

တန်ခိုးကြီး ဖောင်တော်ဦး ရုပ်ပွားတော်မြတ်များ စံပယ်တော်မူနေတဲ့ အင်းလေးကန်ဟာ မြန်မာနိုင်ငံအတွင်းက ခရီးသွား ဧည့်သည်တွေ သာမက၊ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေပါ လာရောက်တဲ့ နေရာ တစ်ခုပါ။ မြန်မာနိုင်ငံ အလယ်ပိုင်းက ပုဂံဒေသပြီးရင် ပြည်ပခရီးသွား ဒုတိယအများဆုံး ဝင်ရောက်တဲ့ နေရာလို့လည်း ဆိုနိုင်ပါတယ်။ အင်းသူအင်းသားတွေရဲ့ ခြေထောက်နဲ့ လှေလှော်တဲ့အနုပညာအပြင် တခြားသော လက်မှုလုပ်ငန်းတွေကြောင့်လည်း အင်းလေးဒေသဟာ ထင်ရှားကျော်ကြားပါတယ်။

တောင်တွေ ကာရံထားတဲ့အလယ်က အင်းလေးရေပြင်ဟာ လက်ရှိအနေအထားမှာ အသက်ငင်တဲ့ အခြေအနေလို့သုံးသပ်ရမယ့် အတိုင်းပါ။

အင်းလေးကန်နဲ့ အနီးပတ်လည်မှာ ရှိတဲ့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တွေ ပျက်စီး ယိုယွင်းလာတဲ့အတွက် အင်းရေပြင်ဟာ ခန်းခြောက်တဲ့ နေရာတွေ များပြားလာတာကို မြင်တွေ့ ကြားသိနေရပါတယ်။ တချို့ လှေငယ်လေးတွေ လှော်ခတ်သွားလာဖို့တောင် ခက်ခဲတဲ့အနေအထား ရောက်နေတယ်လို့ ဆိုပါတယ်။ အင်းလေးဒေသရဲ့ အဓိက စီးပွား ခြံလုပ်ငန်းတွေဟာလည်း ဂေဟစနစ် ပျက်စီးလာမှုကြောင့် အရင်အချိန်တွေလို ကောင်းမွန်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များက အင်းလေးဒေသထွက် အင်းသီး (ခရမ်းချဉ်သီး) ဟာ ဈေးကွက် အတွင်း နာမည်ကြီးခဲ့ပေမဲ့ အခုနောက်ပိုင်း ရာသီဥတု အပြောင်းအလဲတွေကြောင့် အင်းသီးနာမည် ကျဆင်းသွားတယ်လို့ သုံးသပ် ပြောကြားမှုတွေ ရှိပါတာယ်။ နောက်ထပ် အင်းလေးဒေသရဲ့ အဓိက ကျတဲ့ စီးပွား‌ရေးလုပ်ငန်းကတော့ ခရီးသွားဧည့်သည် လာရောက်မှုပါ။

.

ရှမ်းပြည်နယ်တောင်ပိုင်းကို ခရီး ထွက်လာသူမှန်သမျှ အင်းလေးဒေသဟာ မသွားမဖြစ် နေရာတစ်ခုဖြစ်ပါတယ်။ အင်းလေးဒေသအတွင်း ပြေးဆွဲနေတဲ့ စက်လှေလုပ်ငန်း၊ ရိုးရာယက္ကန်း၊ ငွေထည် လက်မှုလုပ်ငန်း၊ ဒေသထွက် စားသောက်ကုန် ရောင်းချခြင်း၊ ဟိုတယ် အစရှိတဲ့ လုပ်ငန်းတွေဟာ ခရီးသွားတွေအပေါ်မှာ မှီထားရတာ ဖြစ်ပါတယ်။ 


လတ်တလောမှာတော့ ပြည်တွင်းပြည်ပ ခရီးသည်ဝင်ရောက်မှု နည်းပါးလို့ ယာယီ ရပ်တန့်ထားတယ်လို့ဆိုပါတယ်။ ခရီးသွား လုပ်ငန်းကို ရပ်တန့်သလိုဖြစ်နေပြီး တချို့သော လုပ်ငန်းတွေကတော့ ကာလတစ်ခုအတွက် စီးပွားရေးထိချက် နာတယ်လို့ ဆိုရမှာပါ။

.

" အခုက ဧည့်သည် သိပ်မလာဘူး။ ကိုယ့်နိုင်ငံသား နည်းပါးပါးလောက်ပဲ လာတာ ရှိတယ်။ ရေလမ်းကြောင်းတွေလည်း မကောင်းတော့ စက်လှေမောင်းရဟာလည်း အဆင်မပြေတော့ဘူး။ တချို့နေရာတွေဆိုလည်း ဒီအတိုင်း လမ်းလျှောက်သွားလို့တောင် ရနေပြီ။ နောက်ပြီး နိုင်ငံရေးအခြေအနေကြောင့် ပြည်ပဧည့်သည်ဆို လုံးဝကို မရှိတော့ဘူး။ ဒီပုံစံအတိုင်းသာ ကြာရင် အင်းသူ၊ အင်းသားတွေရဲ့ စားဝတ်နေရေးက တော်တော်ကြီး ခက်ခဲလာနိုင်တယ်။ ပြည်တွင်း ဧည့်သည်တောင် တစ်ခါတစ်လေမှ လာတာဆိုတော့ ပြည်ပဧည့်သည် မျှော်လို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ တချို့လုပ်ငန်းတွေဆိုရပ်နားထားကြရတယ်" လို့ အင်းလေးဒေသခံတစ်ဦးက ပြောပါတယ်။


ညောင်ရွှေမြို့နယ်မှာ ရှိတဲ့ အထင်ကရ အင်းလေးကန်ကြီးဟာ အင်းသူအင်းသားတွေရဲ့ စားဝတ်နေရေးကို အဓိက ပံ့ပိုးပေးနေတဲ့အပြင် နိုင်ငံတော်အတွက်လည်း နိုင်ငံခြားငွေ အမြောက်အများ ရှာဖွေပေးတဲ့ နေရာတစ်ခုပါ။ COVID-19 ရောဂါ ဖြစ်ပွားချိန်ကစပြီး လက်ရှိ စစ်အာဏာသိမ်းကာလ အချိန်ထိ ၂ နှစ်‌တာ ကာလအတွင်း အစစအရာရာ ကျဆင်းသွားခဲ့ပါတယ်။ ဒေသခံတွေဟာ နိုင်ငံရေး အခြေအနေကြောင့် နိုင်ငံရပ်ခြားသွားသူ များပြားလာပြီး အင်းလေးဒေသရဲ့ တချို့သော ရိုးရာအမွေအနှစ်လုပ်ငန်းတွေ လုပ်ကိုင်သူ မရှိတော့ဘဲ ပျောက်ကွယ်သွားနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ခရီးသွားလုပ်ငန်းကို အမှီပြုထားတဲ့ အင်းလေးဒေသရဲ့ အခြေအနေက ကူရာ ကယ်ရာ မဲ့နေတဲ့ အနေအထားလို့ ဝေဖန်သုံးသပ်မှုတွေ ရှိပါတယ်။

အင်းသူအင်းသားတွေမှာ အမေနှစ်ယောက် ရှိတယ်လို့ ဆိုကြတယ်။ ပထမတစ်ယောက်က အသက်နဲ့ရင်းပြီးမွေးတဲ့ အမေ။ ဒုတိယတစ်ယောက်က အင်းသူအင်းသားတွေ ဖြစ်အောင် မွေးထုတ်ပေးတဲ့ လူတိုင်းကချစ်တဲ့ အင်းလေးကန်ကြီးပါ။ အဲဒါကြောင့်အမေနှစ်ယောက် ကျန်းမာအောင် အင်းသူ အင်းသားတိုင်းမှာ ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ အင်းလေးချစ်သူများက ပြောပါတယ်။

မျက်မှောက်ကာလ မြင်တွေ့နေရတဲ့ အခြေအနေကတော့ အင်းလေးဒေသဟာ ပုလင်းကြီးချိတ်ရင်တောင် ဆေးမီပါ့မလား ဆိုတာမျိုးပါ။ ခရီးသွားလုပ်ငန်း မရှိဘဲနဲ့ အင်းလေးဒေသ နာလန်ပြန် ထူဖို့ရာ လွယ်ကူတဲ့ အခြေအနေ ရှိမနေပါဘူး။ မကြာခင်အချိန်ကာလတစ်ခုမှာ အင်းလေးဒေသ ရွှေရောင်တောက်ပလာပါစေလို့ ဆုမွန်ကောင်းတောင်းရင်း။   ။

Journal Download

Photo of three cats