ဘယ်သူ ဘာပြောပြော နားမယောင်ကြရန် တက္ကသိုလ်ကျောင်းသား/သူများကို စစ်ကောင်စီခန့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် မိန့်ခွန်းချွေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဘယ်သူ ဘာပြောပြော နားမယောင်ကြရန် တက္ကသိုလ်ကျောင်းသား/သူများကို စစ်ကောင်စီခန့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် မိန့်ခွန်းချွေ

တောင်ကြီးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့ မေလ ၁၉ ရက်က ကျင်းပရာ အခမ်းအာနားတွင် စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ဘယ်သူတွေ ဘာပြောပြော နားမယောင်ဘဲ ကျောင်းစာကို စိတ်ဝင်တစား ကြိုးစားကြရန် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ကို  မိန့်ခွန်း ပြောဆိုခဲ့သည်ဟု သိရသည်။
.
ကျောင်းသား၊ ကျောင်းသူများ မိမိကိုယ်ကို ဂရုစိုက်ကြရန်၊ အစားအသောက် ကျန်းမာရေး ဂရုစိုက်ကြရန်၊ အဆောင်နေပါက အဆောင် စည်းကမ်းရှိရန် နှင့် ရပ်ကွက်စည်းကမ်း၊ ကျောင်းစည်းကမ်း ရှိရန် လိုကြောင်း၊ ကျောင်းသား ကျောင်းသူတို့သည် အဖြူထည်ဖြစ်၍ အရောင်အဆိုး မခံကြရန်၊ ဘယ်သူတွေ ဘာပြောပြော နားမယောင်ဘဲ ကျောင်းစာကို စိတ်ဝင်တစား ကြိုးစားကြရန်၊ ဝတ်စားဆင်ယင်မှုတွင် စည်းကမ်းရှိစွာနှင့် သပ်ရပ်မှု ရှိရန် လိုကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီ အာဘော် လူမှုကွန်ရက်များတွင် ဖော်ပြထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်များကို မေလ ၁၂ ရက်မှ စတင် ဖွင့်လှစ်နေခြင်း ဖြစ်ကာ တောင်ကြီးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် ဝင်ခွင့်ရ ကျောင်းသား/သူ ၁၉၅၈ ဦး ရှိပြီး မောင်မယ်သစ်လွင် ကြိုဆိုပွဲသို့ ကျောင်းသား/သူ ၆၅၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
.
စစ်တပ်က အာဏာ သိမ်းယူပြီးနောက် တက္ကသိုလ် အသီးသီးမှ ကျောင်းသား/သူ အများစုသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေကြသည့် အပြင် CDM ပြုလုပ်၍ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြကာ ယင်းအနက် အချို့မှာ ကျဆုံးခဲ့ရသူများ ရှိသကဲ့သို့ အကျဉ်းကျခံနေရသူများလည်း ရှိသည်။

Journal Download

Photo of three cats