ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလား အပါအဝင် ခရိုင် ၄၆ ခုကို တိုးချဲ့ဖွဲ့စည်းကြောင်း စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီလ ၃၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
.
အထူးဒေသ (၄) မိုင်းလားဒေသသည် ကျိုင်းတုံခရိုင်အတွင်း ပါဝင်သော်လည်း မူလကတည်းက အစိုးရအဆက်ဆက် အုပ်ချုပ်မှု အောက်တွင် မရှိခဲ့ဘဲ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA စီမံအုပ်ချုပ်မှုအောက်တွင်သာ ရှိခဲ့ပြီး ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများ ကျင်းပရာတွင်လည်း ပါဝင်ခဲ့ခြင်း မရှိသည့် ဒေသဖြစ်သည်။
.
အာဏာသိမ်း စစ်ကောင်စီက တိုးချဲ့ဖွဲ့စည်းသည့် ခရိုင်များမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၀ ခရိုင်၊ ရှမ်းပြည်နယ်တွင် ၉ ခရိုင်၊ မန္တလေးတိုင်း ဒေသကြီးတွင် ၄ ခရိုင်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ၂ ခရိုင်စီ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁ ခရိုင်တို့ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း တိုးချဲ့ ဖွဲ့စည်းခဲ့သည့် ခရိုင်များမှာ တောင်ကြီးခရိုင်အတွင်းမှ ကလောခရိုင်ကိုလည်းကောင်း၊ လွိုင်လင်ခရိုင်အတွင်းမှ နမ့်စန်ခရိုင်နှင့် မိုင်းရှူးခရိုင်တို့ကို လည်းကောင်း၊ တာချီလိတ်ခရိုင်အတွင်းမှ မိုင်းယောင်းခရိုင်ကို လည်းကောင်း၊ ကျိုင်းတုံခရိုင်အတွင်းမှ မိုင်းလားခရိုင်နှင့် မိုင်းယန်းခရိုင်တို့ကို လည်းကောင်း၊ မိုင်ဆတ်ခရိုင်အတွင်းမှ မိုင်းတုံခရိုင်ကို လည်းကောင်း၊ လားရှိုးခရိုင်အတွင်းမှ တန့်ယန်းခရိုင်ကို လည်းကောင်း၊ မူဆယ်ခရိုင်အတွင်းမှ ကွတ်ခိုင်ခရိုင်တို့ကိုလည်းကောင်း တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
.
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူလက ခရိုင် ၇၅ ခု ရှိရာမှ ယခု ၄၆ ခု ထပ်မံ တိုးချဲ့ဖွဲ့စည်းလိုက်သည့်အတွက် ခရိုင် ၁၂၁ ခရိုင် ရှိလာမည် ဖြစ်ပြီး ယင်းကဲ့သို့ ခရိုင်များ တိုးချဲ့ဖွဲ့စည်းခြင်းမှာ စစ်ကောင်စီက ပြုလုပ်မည့် ၂၀၂၃ ရွေးကောက်ပွဲ တွင် အချိုးကျကိုယ်စားပြုစနစ် (PR စနစ်) ကို ကျင့်သုံးရန် ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။