ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) နှင့် တောင်ကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်းတပ်ဖွဲ့ တပ်ခွဲ (၂) စခန်း တစ်ခု စစ်ကောင်စီတပ်၏ သိမ်းဆည်းခြင်းကို ခံခဲ့ရပြီး အဖမ်းခံရသည့် ကင်းသမားကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်ဟု သိရသည်။
.
ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ အနောက်ဘက်ရှိ YUG နှင့် TPDF ပူးပေါင်းတပ်ဖွဲ့ ၏ တပ်ခွဲ(၂) အခြေခံစစ်သင်တန်း ပို့ချသည့် စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဧပြီလ ၂၂ ရက်တွင် ကင်းထောက်လေယာဥ် ၃ စီး ဖြင့် ကင်းထောက်ပြီးနောက် အင်အား အလုံးအရင်းဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များ အဆက်မပြတ် ပစ်ခတ်၍ စခန်းကို တက်သိမ်းခဲ့သည်ဟု YUG နှင့် TPDF တို့က ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ပူးပေါင်းတပ်ဖွဲ့၏ ကင်းတစ်မား တစ်ဦးကို စစ်ကောင်စီတပ်က အရှင် ဖမ်းဆီး၍ နှိပ်စက် မေးမြန်းခဲ့ပြီးနောက် အဝတ် လဲခိုင်းကာ ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းနှင့် ကျန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အားလုံး ဘေးကင်းစွာဖြင့် ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
စစ်ကောင်စီ အာဘော် Telegram Channel များတွင် ရွာငံမြို့နယ်၌ PDF တပ်ဖွဲ့ဝင် ၉ ဦးထက် မနည်းကို သတ်ဖြတ်ခဲ့သည်ဟု ရေးသားမှုများ ပြုလုပ်နေလျက် ရှိသော်လည်း ယင်း အသတ်ခံရသူများမှာ PDF များ မဟုတ်ဘဲ အပြစ်မဲ့ ပြည်သူများသာ ဖြစ်သည်ဟု ဒေသခံများက အခိုင်အမာ ပြောဆိုနေလျက်ရှိသည်။