ဓနုကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ ရွာငံမြို့နယ်၌ စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်း ခံရသူများမှာ ပဲရင်းတောင်ရွာမှ အပြစ်မဲ့ စစ်ဘေးရှောင်ပြည်သူများ ဖြစ်သည်ဟု ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယနေ့ ဧပြီလ ၂၂ ရက်တွင် ထုတ်ပြန်သည်။
.
ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာမှ ဖမ်းဆီးခံရသော ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီက PDF ဟု အမည်တပ် စွပ်စွဲကာ သတ်ဖြတ်ခဲ့ကြောင်းနှင့် သတ်ဖြတ်ခံရသော ရွာသားများ၏ အမည်များကို အတည်ပြုနေဆဲ ဖြစ်သည်ဟု YPDF က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ရွာငံမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်း တစ်ခုကို ဧပြီလ ၂၀ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များက အင်အား အလုံးအရင်းဖြင့် လေကြောင်း စစ်ကူဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း ရာသီဥတု အခြေအနေအရ PDF တပ်ဖွဲ့ဝင်များသည် ဘေးလွတ်ရာသို့ အထိအခိုက် မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
.
ယင်း ဖြစ်စဉ်အပေါ် စစ်ကောင်စီအာဘော် Telegram Channel များတွင် ပဲရင်းတောင်ကျေးရွာအား မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးတိမ်းရှောင်နေသော PDF များသည် ပဲရင်းတောင် အနောက်ဘက် ၂ မိုင်ခန့် အကွာတွင် ခိုအောင်းနေကြောင်း သတင်းရသဖြင့် တပ်မတော်စစ်ကြောင်းမှ သွားရောက်ရှင်းလင်းရာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF အလောင်း ၆ လောင်း၊ တူးမီး ၂ လက်၊ လက်လုပ်ဗုံး ၄ လုံး၊ မှန်ပြောင်း ၁ လက် သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်မှ ထိခိုက်မှု မရှိကြောင်း သိရသည်ဟု ဝါဒဖြန့် ဖော်ပြခဲ့ခြင်း ဖြစ်သည်။