ရဲမီးကြက် ဟု လူသိများသည့် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ အပါအဝင် စစ်မှုထမ်းဟောင်းအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့၊ အချို့ပါတီများနှင့် YMBA ကဲ့သို့ အသင်းများ ပေါင်းစပ်၍ ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ဖြင့် စမ်းသပ် ဖွဲ့စည်းရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။
.
ပြီးခဲ့သည့် မတ်လ ၃ ရက်တွင် ပြုလုပ်ခဲ့သော လုံခြုံရေး တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ အစည်းအဝေး၌ ပြောဆိုခဲ့သည့် မှာကြားမှုကို လိုက်နာရန် အကြောင်းကြားသည့် လျှို့ဝှက် အဆင့်ရှိ အဆိုပါ ညွှန်ကြားစာကို မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ၏ Facebook စာမျက်နှာက ယနေ့ ဧပြီလ ၁၁ ရက်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
.
ယင်းစာတွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီး မီးလောင်မှု ဖြစ်စဉ်များ ဖြစ်ပွားနှုန်း တိုးလာသောကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မီးဘေးကာကွယ်ရေးအတွက် ကြိုတင် စီမံဆောင်ရွက်ထားရန် အချက်ကိုလည်း ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။
.
Data for Myanmar ကမူ စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများက နေရာပေါင်း ၂၂၂ နေရာမှ ပြည်သူလူထု နေအိမ် ၇၉၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။