ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ပူးပေါင်း၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လမ်းညွှန်မှုအရ ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ (Southern Shan Revolution Youth - SSRY) ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
.
SSRY တွင် Eagle Force (Southern Shan Revolution Youth)၊ Dove Guerrille Force (Southern Shan) ၊ Dragon Force (Southern Shan)၊ Tai PDF Southern Shan၊ SSIR (Southern Shan Irine) နှင့် Dove KK (Metal Crew) တို့ ပါဝင်ကာ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် စစ်အာဏာရှင် တော်လှန်ရေး တိုက်ပွဲဝင်နေကြသည့် လူငယ်များနှင့် အင်အားစု အဖွဲ့များကို ပြန်လည်စုစည်း၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
ရှမ်းပြည်နယ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်မှု မရှိခြင်းက ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အတွက် အခက်အခဲ ဖြစ်နေရကာ ယခုကဲ့သို့ ပေါင်းစည်းခြင်းသည် အင်အားတစ်ခု ဖြစ်လာနိုင်သည်ဟု လေ့လာသူ တစ်ဦးက ဆိုသည်။
.
" တောင်ပိုင်းမှာ တော်လှန်ရေး အဖွဲ့တွေ RCSS ၊ PNLA ၊ SSPP ပေါ့။ ပြီးတော့ စစ်တပ်အောက်က ပြည်သူ့စစ်တွေ MTA နားရိုင်း၊ မတ်ကျန်း၊ SSS ၊ PNO ၊ ၇၅၈ အများကြီးပဲ။ ဒါပေမဲ့ နွေဦးတော်လှန်ရေးမှာ ပါ မလာဘူး။ ဒီအချက်က PDF တွေအတွက် ခွန်အား လျော့စေဝာာပေါ့၊ ခေါင်းဆောင် ပျောက်နေသလိုမျိုး။ ကယားမှာ သွား နေ နေရတယ်။ ခုလို ပြန်ပြီး စုဖွဲ့လိုက်တာက အင်အားတစ်ခု တည်ဆောက်လာနိုင်တာ။ စစ်တပ်ကို အကြပ်ရိုက်စေမှာတော့ အမှန်ပဲ။ " ဟု ပြောသည်။
ရှမ်းပြည်နယ်၏ ဂုဏ်သိက္ခာအတွက် ပြန်လည် တိုက်ပွဲဝင်လိုသည့် ရဲဘော်များနှင့် အင်အားစု အဖွဲ့များကိုလည်း ပူးပေါင်း လုပ်ဆောင်ရန် ဖိတ်ခေါ်ထားသည်ကိုလည်း SSRY ၏ ကြေညာချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
.
လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်းပိုင်းရှိ ဖယ်ခုံမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေလျက် ရှိရာ PDF များကလည်း စစ်ကောင်စီတပ် အထိနာသည်ထိ ပြန်လည် ခုခံတိုက်ခိုက်နေလျက် ရှိကြောင်း သိရသည်။