မြို့တော် တောင်ကြီးရှိ အချို့သော လမ်းများ၌ လမ်းညွှန်ဆိုင်းဘုတ် မရှိ၍ လမ်းပြောင်းပြန် မောင်းနှင်မိသူ ယာဉ်မောင်းများအား ယာဉ်ထိန်းရဲမှ ဖမ်းဆီးငွေညှစ်မှုများ ရှိနေသည်ဟု သိရသည်။
.
COVID-19 ရောဂါ စတင်ဖြစ်ပွားသည့် အချိန်မှ စတင်၍ တောင်ကြီးမြို့ပေါ်ရှိ မီးပွိုင့်များနှင့် အထင်ကရ လမ်းမများတွင် တာဝန် ထမ်းဆောင်ခြင်း မရှိခဲ့သော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် ယခုအခါ စစ်ကောင်စီ လက်ထက်၌ လမ်းမများပေါ်သို့ ပြန်လည် ရောက်ရှိလာကာ မော်တော်ဆိုင်ကယ် စီးနင်း မောင်းနှင်သူများအား ဖမ်းဆီး၍ ငွေကြေးတောင်းခံနေခြင်း ဖြစ်ကြောင်း မြို့ခံများထံက သိရသည်။
.
"လမ်းညွှန်ဆိုင်းဘုတ်တွေ မရှိတော့ တောင်ကြီးမှာ နေတဲ့ လူအများစုတောင် လမ်းပြောင်းပြန်မှန်း သိပ်မသိကြဘူး။ အဲဒါကို အသိပေးတာ၊ လမ်းညွှန်ပေးတာမျိုး မလုပ်ဘဲ ကွယ်တဲ့ နေရာတွေကနေ စောင့်ဖမ်းပြီး ငွေညှစ်နေကြတာပါ။ ဒီရက်ပိုင်း ရွာတွေဘက်က တက်လာတဲ့သူ တော်တော်များများ အဖမ်းခံရပြီး ပိုက်ဆံ ပေးနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
.
တောင်ကြီး မြို့မဈေးမြောက်ဘက်ရှိ ကုန်သည်လမ်းသည် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှ အဝင်သာ ရပြီး အထွက် မရသော တစ်လမ်းမောင်း ဖြစ်သည့်အတွက် အဆိုပါလမ်းမှ မသိနားမလည်ဘဲ ဆိုင်ကယ်မောင်း ထွက်လာသူများကို ယာဉ်ထိန်းရဲမှ နေ့စဉ် ဖမ်းဆီးကာ ငွေကြေး တောင်းခံနေခြင်း ဖြစ်ပြီး မြို့မဈေးအရှေ့ဘက် နှင့် City Square Shopping Center အရှေ့တွင်လည်း ဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။
.
ထို့အပြင် ယခုကဲ့သို့ ဖမ်းဆီးရာတွင် ချလံ ဖြတ်ခြင်း၊ ရုံးသို့ ခေါ်ဆောင်သွားခြင်း မရှိဘဲမော်တော်ဆိုင်ကယ် တစ်စီးလျှင် ၂၀၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်အထိ တောင်းခံနေခြင်း ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်သို့ ဒေသတွင်း အနီး ပတ်ဝန်းကျင် ကျေးရွာဒေသများမှ ဒေသခံတိုင်းရင်းသားများ နေ့စဉ် လာရောက်လေ့ ရှိသည့်အတွက် မသိ နားမလည်သည့် တိုင်းရင်းသား ဒေသခံများအား ဖမ်းဆီးခြိမ်းခြောက် ငွေတောင်းခံနေခြင်း ဖြစ်ကာ ဖမ်းဆီးရာတွင်လည်း ချလံ ဖြတ်ခြင်း၊ ရုံးသို့ ခေါ်ဆောင်ခြင်း မရှိဘဲမော်တော်ဆိုင်ကယ် တစ်စီးလျှင် ၂၀၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်အထိ တောင်းခံနေခြင်း ဖြစ်ကြောင်း သိရသည်။