ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နန်းခုံကျေးရွာအုပ်စု၊ လွှစင်ရွာမှ ဒေသခံ ပြည်သူပိုင် နေအိမ် ၂ လုံး ယနေ့ ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) နံနက် အစောပိုင်းတွင် မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
.
" စကစနဲ့ ပျူစောထီးတွေ မီးရှို့တာ၊ ဦးနီနဲ့ ဦးစီတို့ အိမ်တွေကို။ မနေ့ (ဧပြီလ ၁၂ ရက်)ကလည်း နွားဘန်းကြီးရွာက CDM ဆရာမရဲ့အိမ်လည်း မီးရှို့ခံရသေးတယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အတူ တစ်လကျော်ကြာ ဖမ်းဆီးခံထားရသော နိုင်ငံရေးအချုပ်သား ကိုကျားပေါက်ကိုလည်း ရွာငံမြို့နယ်၊ ရွာမရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ ဧပြီလ ၁၁ ရက်တွင် စစ်ကောင်စီတပ်က မိုင်း ဖော်ခိုင်းပြီး မိုင်းခွဲ သတ်ဖြတ်ခဲ့ကြောင်းလည်း သိရသည်။
.
ပြီးခဲ့သည့် ဧပြီလ ၉ ရက်က ရွာငံမြို့နယ်၊ လွှစင်ရွာ အနီး၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုလို မီးရှို့ဖျက်ဆီးခြင်း အပါအဝင် ဒေသခံ ပြည်သူများအား ဖမ်းဆီး နှိပ်စက်မှုများ ပိုမို လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။