ရှေး လူကြီးသူမများ ပြောတဲ့ စကားတစ်ခွန်း ကြားဖူးတယ်။ မှတ်မှတ်သားသား ဖြစ်လောက်တဲ့ စကား တစ်ခွန်း။ မတော်တရော်၊ မထော်မနန်းတွေ ဖြစ်ရင် သုံးတတ်တဲ့ စကားပေါ့။
“ အိမ်ခေါင်ခွေးတက် စီးပွားပျက် " တဲ့။
အိမ် တစ်အိမ်ရဲ့ ခေါင်ပေါ် ခွေးတက်ဖို့ ဆိုတာ တော်တော်တန်တန် လွယ်တဲ့ ကိစ္စ မဟုတ်ဘူး။ ခေါင်မိုးဆိုတာ အိမ် တစ်အိမ်ရဲ့ အမြင့်ဆုံး နေရာ။ အိမ် တစ်အိမ်မှာ ခေါင်မိုးထက် မြင့်တဲ့နေရာ ဆိုတာ မရှိသလောက်ပဲ။ မရှိတော့ဘူးလို့တောင် ပြောလို့ရတယ်။ အိမ်ခေါင်မိုးပေါ် ခွေးတက်ပြီ ဆိုမှတော့ အဲဒီအိမ် ဘယ်လောက်များ နိမ့်ပါးနေပြီလဲ ဆိုတာ စဉ်းစားကြည့်တော့။ အိမ်တိုင်းအိမ်တိုင်း ခေါင်မိုးပေါ် ခွေးမတက်အောင် ဂရုစိုက်တတ်ကြတယ်။ ဒီကြားထဲက မထင်မှတ်ဘဲ အိမ်ခေါင်ပေါ် ခွေးတက်တာနဲ့ ကြုံရပြန်ရော။
.
တလောက လူတစ်ယောက်က ပြောတယ်။ သူ့အိမ်ခေါင်မိုးပေါ် ခွေးတက်တဲ့အကြောင်း။ သူ့အိမ်က တောင်ကုန်းစောင်းလေးမှာ ဆောက်ထားတာ။ တောင်ကုန်းစောင်းမှာဆောက်တဲ့ အိမ်တွေရဲ့ ထုံးစံအတိုင်း အနိမ့်အမြင့်တွေက မညီဘူး။ ရှေ့အိမ်နဲ့ နောက်အိမ်က လှေကားထစ်တွေလို အဆင့်လိုက်တွေ။
ပြဿနာက အဲဒီမှာ စတာ။ သူ့ အိမ်ရဲ့ ကျောဘက်မှာ ရှိတဲ့အိမ်က ခွေးနှစ်ကောင် မွေးလိုက်တယ်။ ဘယ်တုန်းကမှ ခွေးမွေးခြင်း မရှိတဲ့အိမ်က ဘာစိတ်ကူးနဲ့ မွေးတယ်တော့ မပြောတက်ဘူးပေါ့။ သူတို့နေတဲ့ ရပ်ကွက်က သူခိုးဂျပိုး ပူတဲ့နေရာလည်း မဟုတ်ဘူး။ သူ့ လွတ်လပ်ခွင့်နဲ့ သူ့အိပ်ထဲသူ ခွေး မွေးတာဆိုတော့ ဘာမှလည်း သွားပြောလို့မှ မရတာ။
.
အဲဒီအိမ် ခွေး မွေးစကတော့ ဘာမှ သိပ်ထူးထူးခြားခြားကြီး မဟုတ်ဘူး။ သူ့အိမ်လာတဲ့ ဧည့်သည်တွေ ရှိရင် အိမ်ရှင်က ခွေး ထ ကြည့်ပေးရတယ်။ သူ့အိမ်ထဲက အပြင် ထွက်မလာအောင်၊ ပတ်ဝန်းကျင် အနှောင့်အယှက် မဖြစ်အောင် ထိန်းကျောင်းရတယ်။ ဒါလည်း အိမ်ရှင်ရဲ့အလုပ်ဆိုတော့ ဘာပြဿနာမှ မရှိသေးဘူး။ ည အချိန်မတော် ထ ထ ဟောင်လို့ အိပ်ရေးနည်းနည်းပါးပါး ပျက်တယ် ဆိုတာလောက်ပေါ့။ ခွေးတွေရောက်လာပြီး တစ်လလောက်နေတော့မှ ပြဿနာက စလာတာ။ နောက်ကျောအိမ်မှာ မွေးထားတဲ့ ခွေးနှစ်ကောင်က ရှေ့အိမ် ခေါင်မိုးပေါ် တက်တက် ဆော့ကြတယ်။ ရှေ့အိမ်က ခြံစည်းရိုး တပ်ထားပေမဲ့ နောက်အိမ်ဘက်ကဆို အသာလေး ခွဝင်လို့ ရတဲ့ အနေအထား။
.
လူတွေချည်းတုန်းကတော့ သူ့အိမ် ကိုယ့်အိမ် အကြောင်းသိချင်း ဆိုတော့ ပြဿနာ မဟုတ်ခဲ့ဘူး၊ အငြိမ် မနေတဲ့ ခွေးတွေ ရောက်လာမှ ပြဿနာက စလာတာ။ ခေါင်မိုးပေါ် ခွေးတက်ကာစ ရှေ့အိမ်နေတဲ့ လူက ခွေးမောင်းလိုက်၊ နောက်အိမ်က လူကို ပြောရင် သူ့ခွေးတွေ ပြန်ခေါ်လိုက်နဲ့၊ ၃/၄လလောက် ကြာတော့ ခေါင်မိုးပေါ် ခွေး အတက်ခံရတဲ့ အိမ်ပိုင်ရှင် ဒုက္ခတွေ တစ်နေ့တစ်မျိုး မရိုးအောင် ဆိုက်တော့တာပါပဲ။ စကြုံရတဲ့ ဒုက္ခက သူ လုပ်သမျှ စီးပွားရေးတိုင်း လိုလို ပျက်စီးချင်းနဲ့ တွေ့တယ်။ လုပ်လက်စ အလုပ်တွေ အရှုံးပေါ်တယ်။ ဖြစ်ထွန်းလာခြင်း မရှိဘူး။ စားဝတ်နေရေးအတွက် ထပ်လုပ်တဲ့ အလုပ်တွေလည်း လုံးချာလိုက်ပြီး ဘာတစ်ခုမှ ဖြစ်ထွန်းလာခြင်း မရှိဘူး။
.
ငြိမ်းငြိမ်းချမ်းချမ်း ရှိနေတဲ့ အိမ်တစ်ခုရဲ့ စီးပွားရေးကျ၊ ပျက်စီးခြင်း ငါးပါး တိုင်တယ် ဆိုတဲ့အထိ စုတ်ပြတ်သွားတယ်။ ငွေကြေးနဲ့ လည်ပတ်နေတဲ့ စီးပွားရေးဆိုတာက ပျက်စီးချင်းတိုင်ရင် တစ်ခုတည်းနဲ့ ရပ်မနေဘူး။ နောက်ဆက်တွဲ ဒုက္ခပြဿနာတွေ တစ်ပုံကြီး ပါလာတတ်တယ်။
အဖတ်ဆယ်ရေနိုင် စီးပွားရေးကျဆင်းခြင်းကြောင့် အကြွေးတွေ ပတ်လည်ဝိုင်းပြီး တစ်ပူပေါ် နှစ်ပူဆင့်၊ နောက်ဆုံး ဘယ်လိုမှ ရပ်တည်လို့ မရနိုင်အောင် ယိမ်းယိုင်သွားခဲ့တယ် ဆိုရမှာပေါ့။ စီးပွားရေး တစ်ခုတည်းတင် ကျဆင်းသွားတာလားဆိုတော့ မဟုတ်သေးဘူး။ သူတို့ မိသားစုရဲ့ ကျန်းမာရေး အကြောင်းအမျိုးမျိုး ရောဂါအထွေထွေနဲ့ ဆေးရုံနဲ့ နှစ်ပါးသွားရတာ အတွင်းပစ္စည်း ပြုတ်သလောက်။
.
စီးပွားပျက်တဲ့ ကြားက အလှည့်ကျဆေးရုံ တက်ရတော့ ဖွတ်သထက် နစ်အောင် မွဲတယ် ပြောရတော့မှာပေါ့။ ဒီလောက်အထိ ဆိုးတဲ့ အခြေအနေ ဖြစ်နေပေမဲ့ အကြောင်းရင်းကို သူတို့ မိသားစုဝင်တွေ မသိကြသေးဘူး။ အမှန်က သူတို့အိမ်ခေါင်ပေါ် ခွေးတက်နေတာ။
.
အိမ်ခေါင်ပေါ် ခွေးတက်နေလို့ အိမ်ရှင်တွေ ပျက်စီးချင်းငါးပါး တိုင်နေရတာ။ အကြောင်းရင်း မသိသေးတော့ ဗုဒ္ဓဘာသာဝင်ပီပီ ဘုရား တရားဘက် ခြေဦးလှည့်တယ်။ နာမည်ကြီးတဲ့ ပညာတတ်ပါတယ် ဆိုတဲ့ ဆရာတွေဆီ သွားတယ်။ ထူးထူးခြားခြား ပြောင်းလဲမလာဘူး။ စီးပွားရေး ပျက်နေမြဲ။ မိသားစုဝင်တွေရဲ့ ကျန်းမာရေး ထိခိုက်နေမြဲပဲ။ အိမ်ခေါင်ပေါ် ခွေးက တက်နေဆဲဆိုတော့။
.
တစ်နေ့ သူ့အိမ်ကို မိတ်ဆွေတစ်ဦး ရောက်လာတယ်လို့ပြောတယ်။ ညအိပ်ချိန် ရောက်တော့ သွပ်ပြားခေါင်မိုးပေါ် ဒုန်းဒုန်းဒိုင်းဒိုင်း အသံတွေကြားလို့ သူ့မိတ်ဆွေက မေးတော့ အိမ်ခေါင်ပေါ် ခွေးတက်နေတဲ့အကြောင်း ပြောပြလိုက်တယ်။
.
သူတို့ မိတ်ဆွေက အဲဒီဘက်မှာ အတော်အတန် တီးမိခေါက်တဲ့လူ။ အဲဒီမှာပဲ သူတို့မိသားစု စီးပွားရေး ကုန်းကောက်စရာ မကျန်အောင် ပျက်ရတဲ့ အကြောင်းရင်းကို သိလိုက်ရတယ်။
.
သူ့ အိမ်နောက်ကျော တစ်ခြမ်းလုံး ၆ ပေမြင့်တဲ့ သွပ်ပြားတွေနဲ့ ခြံစည်းရိုးထပ်ဆင့်ပြီးကာလိုက်တယ်။ အဲဒီနေ့ကစပြီး ဒုက္ခကွင်းထဲက နည်းနည်းချင်း ပြန်ရုန်းထလာနိုင်ခဲ့တယ်။ အရင်လို မဟုတ်ပေမဲ့ အခုတော့ အသက်ရှူ နည်းနည်း ချောင်သွားပြီလို့ ဆိုတယ်။
.
အခုလည်း ရွှေပြည်တော် စီးပွားပျက်နေတာ အိမ်ခေါင်ပေါ် ခွေးတက်နေလို့ကြောင့်များလား။ အိမ်ခေါင်ခွေးတက် စီးပွားပျက်ခြင်း ကင်းနိုင်ပါစေကြောင်း...။ ။