သင်္ကြန်ကာလ ရောက်တိုင်းတော့ နှစ်စဉ်လိုလိုစားသောက်ကုန် ဈေးနှုန်းက တက်နေတာပါပဲ။ ကျန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း ဒီလိုအချိန်ဆို ကုန်ဈေးနှုန်းက အနည်းနဲ့အများ ဆိုသလို တတ်တယ်။ ဒီနှစ်ကတော့ ပိုဆိုးတယ် ပြောရမှာပေါ့ ။ စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း လောင်စာဆီ ဈေးနှုန်းက နေ့တိုင်းလိုလို တက်နေတာ။ အခုရက်ပိုင်းတော့ နည်းနည်း ပြန်ကျလာတာ၊ ပြန်တက်ဦးမယ် ထင်ပါတယ်။ အရင်တုန်းက ဓာတ်ဆီ တစ်လီတာ ၈၀၀ လောက်ပဲ ရှိတယ်။ အခုကျတော့ တစ်လီတာကို ၂၀၀၀ ဝန်းကျင် ပေးရတော့ ကုန်ဈေးနှုန်းက လိုက်တက်သွားတာပေါ့။ စက်သုံးဆီဈေးနှုန်း တက်တာနဲ့စားသောက်ကုန်ဈေး လိုက်တက်တာက ထုံးစံလို ဖြစ်နေပြီ။ ဖြစ်နိုင်ရင်တော့ ပုံမှန်ဈေးနှုန်းနဲ့ပဲ ရောင်းချင်တယ်။ အဲဒါမှ အားလုံး အဆင်ပြေကြမှာ။
.
အခြေခံစားသောက်ကုန် ရောင်းချတဲ့ ဈေးဆိုင်ပိုင်ရှင်တွေက တကယ့်အောက်ခြေ လူတန်းစားတွေရဲ့ အကြောင်း ကောင်းကောင်း နားလည်ကြတယ်။ သူတို့ဆိုင်မှာဈေး လာဝယ်တဲ့ လူဦးရေ ၉၀ ရာခိုင်နှုန်းလောက်က တစ်နေ့လုပ် တစ်နေ့စား အခြေခံလူတန်းစားတွေ။အပိုအလျှံ သိမ်းဖို့ လာဝယ်ကြတာ မဟုတ်ဘူး။ အိမ်အပြန် တစ်ရက်စာအတွက် ရုန်းကန်နေကြရတဲ့ လူတွေ။ လက်လီကုန်စုံဆိုင်နဲ့ အခြေခံ လူတန်းစားဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်မှီ စကားလိုပဲ။ တစ်ဖက်နဲ့တစ်ဖက် မှီခိုကျားကန်ထားကြရတာ။ တစ်ဖက် ယိုင်တာနဲ့ ကျန်တဲ့တစ်ဖက်ပါ ယိုင်သွားတတ်တာမျိုး။
အရင်တုန်းကလည်း ပြေလည်လားဆိုတော့ သိပ်ချောင်လည်တယ်လို့ မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် ရတဲ့ နေ့စားခက ဘာမှ မဖြုန်းတီးရင်မိသားစု တစ်နေ့စာ တစ်နေ့တော့ စားလို့ရနေသေးတယ်။ အခုကြတော့ ကြက်ဥက စပြီး စားသောက်ကုန် ဈေးနှုန်းက အမြဲလို တတ်နေတာ။
ရတဲ့လုပ်အားခက တက်မလာတော့ ပုံမှန် စားနိုင်ဖို့တောင် မလွယ်တော့ဘူး။ နိုင်ငံရေးတော့ သိပ် နားမလည်ပါဘူး။ ဒါပေမယ့် ဒီကိစ္စကြီး ဖြစ်လိုက်တာ ကျွန်တော်တို့လို အောက်ခြေလူတန်းစားတွေအတွက် တော်တော်ကြီး ထိခိုက်တယ် ပြောရလိမ့်မယ်။ ပြည်သူလူထုအတွက်ဘယ်တုန်းကမှ ထည့်သွင်း စဉ်းစား ဆောင်ရွက်ခြင်း မရှိတဲ့ အာဏာရှင်တွေရဲ့ ထုံးစံ ဒုက္ခတွင်းထဲ ရောက်နေရတုန်း။
.
[၁၉၆၂] တိုင်းပြည်အာဏာကို ဗိုလ်နေဝင်း သိမ်းတယ်။ တိုင်းပြည်ရဲ့ ကြွယ်ဝချမ်းသာမှုတွေ အားလုံးကို သိမ်းယူတယ်။ အခုချိန်ထိသူရဲ့ မြေး အေးနေဝင်း လက်ထက်အထိ သောက်လုပ်သောက်ကိုင် မရှိကမ္ဘာပတ် ဖြုန်းတီးနေနိုင်ခဲ့တယ်။ ပြည်သူတွေကဆင်းရဲတွင်း။ [၁၉၈၈] တိုင်းပြည်အာဏာကို ဗိုလ်သန်းရွှေ ထပ် သိမ်းတယ်။ နေရွှေသွေးအောင် မြေမနင်းသား ဖြစ်သွားတယ်။ ပြည်သူ မမြင်ဖူးတဲ့မော်တော်ကား အမျိုးအစားကို ထည်လဲ စီးနိုင်ခဲ့တယ်။ ပြည်သူတွေက ဆင်းရဲတွင်း။ အခုတစ်ခါ ထပ်ပြီးတော့ အာဏာသိမ်းမှုနဲ့ ကြုံရပြန်တယ်။ ဒီပြည်သူတွေက ဘယ်အချိန် ဆင်းရဲတွင်းထဲက တက်နိုင်မှာလဲ။ အာဏာရှင် မှန်သမျှ အသိခေါက်ခက် အဝင် နက်ကြဆဲ။
အာဏာရှင် အုပ်ချုပ်တဲ့ နိုင်ငံမှန်သမျှ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းထဲ ခန့်ခန့်ညားညား ဝင်ရောက်ပါတယ်။ကမ္ဘာတစ်ခွင် ကြည့်ပြန်ရင်လည်း အာဏာရှင် ကြီးစိုးတဲ့ နိုင်ငံအားလုံး လက်တစ်စုပ်စာ လူတစ်စုသာ ကောင်းစားပြီး ပြည်သူက အငတ်ငတ် အပြတ်ပြတ်။
ကျောင်း သင်ခန်းစာထဲက ဖွတ်တကာ့ ထိပ်ခေါင် မွဲတဲ့ ရေသည်ပြဇာတ်ဆိုတာ လက်ရှိကာလ ပြည်သူတွေကို ကြိုမြင်ပြီး ရေးခဲ့သလားတောင် မှတ်ရပါတယ်။ ဒါတောင်လူဆင်းရဲ ရေသည်ယောက်ျားကမှ စုမိဆောင်းမိ ရှိသေးတယ် ပြောရမှာ။ လက်ရှိပြည်သူတွေရဲ့ အခြေအနေက စုမိဆောင်းမိဖို့ နေနေသာသာတစ်ရက်စာ ဗိုက်တစ်လုံးအတွက် အမိုက်ဖုံးအောင် ဒင်းကြမ်း ရုန်းနိုင်မှ တော်ကာ ကျတာရယ်။
.
မြန်မာပြည်သားတွေရဲ့ ကူးပြောင်းခြင်း နှစ်သစ်မင်္ဂလာအချိန် မကြာခင် ကျရောက်လာပါတော့မယ်။ကျန်ခဲ့တဲ့ နှစ်အပိုင်းအခြားတွေ တုန်းက ဒီလိုအချိန်ဆို မြို့တွင်းမှာ လူတွေပျားပန်းခတ်။ ဈေးရုံဈေးတန်းတွေထဲ ရောင်းသူဝယ်သူ ပလူကို ပျံလို့။လတ်တလော မြင်ရတဲ့ အနေအထားကတော့ တစ်စပြင်နီးနီးလောက်သာ ကျန်တယ် ပြောရမလား။ရောင်းတဲ့ဈေးသည်က လာဘ်ခေါ်ကြောင်ရုပ်ကို မကြာခဏ ဓာတ်ခဲလဲရလို့ ဓာတ်ခဲဖိုးနဲ့ မွဲမယ့်အခြေအနေ။ ဈေးဝယ်ချင်သူကလည်း လက်သာယားတာ လက်ထဲမှာ ငွေယားက ပိုပိုလျှံလျှံ မရှိ။ မလှူချင်လို့မှ မဟုတ်ကြတာ။
ရှမ်းတောင်သူတွေ လှူချင်ကြတာပေါ့။ ဘယ်နိုင်ငံကမှ မတင်သွင်းရဘဲ ပေါများနေတဲ့ ဒုက္ခတွေကအလှူအတန်းတောင် ခပ်ခက်ခက်။
တစ်နေ့က မျက်လုံးရှေ့ ရောက်လာတဲ့ သင်္ကြန်စာလေး ကောက်ဖတ်ကြည့်မိတယ်။ တန်ခူးလအတွင်းပြည်ပနိုင်ငံများနှင့် သံတမန်ဆက်ဆံရေး အနည်းငယ် တင်းမာနိုင်သည်တဲ့။ အဖက်လုပ်တဲ့ နိုင်ငံက မရှိသလောက်။ ဂျုံ၊ ဆန်၊ စပါး ဈေးကောင်းရအံ့တဲ့။ ဆက်ပြီး ဈေးကောင်း နေဦးမယ်ဆိုတဲ့သဘော။ မသိရင် အိန္ဒြေရရလေး ငတ်ကြတာပေါ့။ရွှေငွေ ဓာတ်သတ္တု ရတနာပစ္စည်း ဈေးကောင်းအံ့။အောက်ခြေပြည်သူနဲ့ သက်ဆိုင်တာ ဂက်စ်ဘူးလောက်ရယ်။ နဂို မူလတည်းက ဈေးက တက်ပြီးသား။ ကား အဖျော်ယမကာနှင့် ရေထွက်ပစ္စည်းကောင်းအံ့။ လာလတ္တံ့သော ရက်ပိုင်းအတွင်းယမကာဈေး တက်လတ္တံ့။ အရာရာ အတက်ချည်းဆိုတော့ ရှားရှားပါးပါး မျက်ရည်လေးတောင် ခမ်းမှာကြောက်နေရတယ်။ တစ်စောင်လုံး ဖတ်ကြည့်တော့
ပြည်သူအတွက် ကောင်းတာဆိုလို့ မင်း၊ မိဖုရား၊ မင်းမိန်းမတို့ ဥပါဒ်ရှိကုန်အံ့ဆိုတဲ့ စာသားနဲ့
တခြားစိတ်ညစ်စရာတွေ အကြောင်းပဲ ပါတဲ့ သင်္ကြန်စာ။ အဲလို ဆင်းရဲတွင်းထဲက ရေများ ထ ပက်ကြရင်ဖြင့် အမွဲ ကိုယ့်ထက် ရှိနိုင်ပါတော့မလား။