ရွှေဖီမြေ၏ ရုပ်သံသတင်းထောက် လွေးအမ်ဖောင် ကို စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေဖီမြေ၏ ရုပ်သံသတင်းထောက် လွေးအမ်ဖောင် ကို စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်


စစ်ကောင်စီ တပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံထားရသည့် ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေ သတင်းအေဂျင်စီမှ အမျိုးသမီး ရုပ်သံသတင်းထောက် လွေးအမ်ဖောင် ကို လားရှိုးအကျဉ်း‌ထောင်ရှိ ထောင်တွင်းတရားရုံး၌ ယနေ့ ဧပြီလ ၇ ရက်တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။
.
လွေးအမ်ဖောင်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်၊ ညပိုင်းတွင် လားရှိုးမြို့ရှိ နေအိမ်၌ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် ၆ ‌လကျော်ခန့် အကြာတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
.
" သတင်းသမားတွေကို သတင်း အလုပ်ကနေ ကျောခိုင်းအောင် လုပ်နေတယ်လို့ပဲ မြင်တယ်။ ဖမ်းဆီး ထောင်ချပြလိုက်တယ်။ ဒီအလုပ် လုပ်ရင် ဒါမျိုး ခံရမယ်ဆိုပြီး ပြချင်တဲ့ သဘောပေါ့။" ဟု ရွှေဖီမြေသတင်းအေဂျင်စီမှ အယ်ဒီတာ တစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ်တွင် လွေးအမ်ဖောင် အပါအဝင် အမျိုးသမီးသတင်းသမား ၄ ဦး ထောင်ဒဏ် ချမှတ်ခံထားရပြီး ယခင် ထောင်ဒဏ် ချမှတ်ခံရသူများမှာ ကမ္ဘောဇတိုင်းမှ ၂ ဦး နှင့် သံလွင်သွေးချင်းမှ ၁ ဦး တို့ ဖြစ်သည်။
.
ထို့အတူ ဖမ်းဆီး ခံရပြီး အမှု ရင်ဆိုင်နေကြရသည့် အလွတ်တန်းသတင်းထောက် နှင့် သတင်းထောက်ဟောင်း အနည်းဆုံး ၅ ဦးထိ ရှိနေသည့်အပြင် ပြည်နယ်အခြေစိုက် သတင်းဌာနများ၏ တည်ထောင်သူများ၊ အယ်ဒီတာများနှင့် သတင်းထောက် အချို့သည်လည်း စစ်ကောင်စီ၏ လိုက်လံ ဖမ်းဆီးနေမှုကြောင့် ‌ထွက်ပြေး တိမ်းရှောင်နေကြရသည်။

Journal Download

Photo of three cats