ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၌ ယနေ့ ဧပြီလ ၁၄ ရက် (မဟာသင်္ကြန် အကျနေ့) တွင်လည်း ရေပက်သူ၊ လည်ပတ်သူ၊ ရေ ကစားသူ မရှိသလောက် နည်းပါးဆဲ ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့၏ အဓိက လမ်းမကြီးများ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အရှေ့မြို့ပတ်လမ်းနှင့် အနောက်မြို့ပတ်လမ်းများ အပါအဝင် အထင်ကရ နေရာအများစုတွင် ရေကစားသူ မရှိဘဲ စစ်ကောင်စီ ဦးဆောင်၍ အိမ်တော်လမ်းဆုံ၌ ပြုလုပ်သည့် ဗဟိုမဏ္ဍပ်တွင်သာ လူ အနည်းငယ် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
" ပုံမှန်အတိုင်း ဆိုရင် မိန်းလမ်း (ဗိုလ်ချုပ်လမ်း) ရယ်နဲ့ မြို့ပတ်လမ်းပေါ်မှာ ဒီနေ့လိုဆို စည်ကားနေပြီ။ အခုကြတော့ တစ်မြို့လုံး ရေပက် ကစားတာတောင် မတွေ့ရဘူး။ စကစ မဏ္ဍပ် (ဗဟိုမဏ္ဍပ်)မှာတော့ နည်းနည်း ရှိတယ်။ ဒေသခံတွေ မပါနိုင်ဘူး။ သူတို့ တပ်ထဲက လူတွေနဲ့ မလာမနေရ ခေါ်ထားသူတွေပဲ ဖြစ်နိုင်တယ်။" ဟု တောင်ကြီးမြို့နေသူ တစ်ဦး က ပြောသည်။
.
သင်္ကြန်ကာလ မတိုင်မီက တောင်ကြီးမြို့ပေါ်တွင် မဏ္ဍပ်အချို့ ဆောက်လုပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယနေ့တိုင် မည်သည့် သင်္ကြန်မဏ္ဍပ်မှ ဆောက်လုပ်ထားသည်ကို မတွေ့ရသည့် အပြင် ပြည်သူ့စစ်အဖွဲ့များ၏ ငြိမ်းချမ်းရေးမဏ္ဍပ်ပင် မတွေ့ရှိရကြောင်းလည်း သိရသည်။