ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးဂိတ်တွင် ယမန်နေ့ ဧပြီလ ၄ ရက်၊ နေ့လယ် ၂ နာရီကျော်ခန့်က ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ပစ်ခတ်မှုအတွင်း ၂ ဘက် ထိခိုက် သေဆုံးမှုများ ရှိသည်ဟု သိရသည်။
.
စစ်ဆေးရေးဂိတ်ကို အမည်မသိ အဖွဲ့က ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
.
" ပင်းတယ အရှေ့ဘက် အထွက် ရွာငယ်တံတားဂိတ်ကို ဆိုင်ကယ်နဲ့ လာပစ်တာ၊ တိုက်ပွဲ ဖြစ်တာ။ စစ်တပ်ဘက်က ၂ ယောက် ထိတယ်လို့တော့ ပြောနေကြတယ်။ PDF လည်း ကျတယ်တဲ့။ အလောင်းတွေ ဆေးရုံမှာတဲ့။" ဟု အမည် မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။
.
အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ၂ ဦး ဒဏ်ရာ ရရှိ၍ မော်တော်ယာဉ်ဖြင့် လာရောက် သယ်ဆောင်သွားသည်ဟု ဒေသခံတွင်းသတင်းများအရ သိရသည်။
.
ထို့အတူ စစ်ကောင်စီ အာဘော် Telegram Channel တစ်ခုတွင်မူ ယင်းပတ်ခတ်မှု အတွင်း PDF ၂ ဦးအား အသေ ပစ်ခတ်ဖမ်းဆီးမိပြီး ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၁၀ တောင့်၊ မှတ်ပုံတင် ၁ ခု၊ Redmi ဖုန်း ၂ လုံး တို့အား သိမ်းဆည်းရရှိခဲ့သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
.
ရပ်စောက်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ ဒုဥက္ကဌ ရောက်ရှိနေသကဲ့သို့ စစ်ကောင်စီတပ်နှင့် SSPP တို့၏ တပ်နေရာ အငြင်းပွားမှု အခြေအနေများကြောင့် စစ်ကောင်စီက ရှမ်းပြည်နယ် တောင်ပိုင်း အတွင်း လုံခြုံရေး တိုးမြှင့် ဆောင်ရွက်နေကာ စစ်ဆေး ဖမ်းဆီးမှုများကို ဆက်တိုက် ပြုလုပ်နေလျက်ရှိသည်။