တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်မှ သတင်းထောက်ဟောင်း တစ်ဦး ဖြစ်သူ ကိုခိုင်မြင့်ထွန်း (ခ) ရွှေလင်းသစ် ကို စစ်ကောင်စီ တရားရုံးက ဧပြီလ ၅ ရက်တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။
.
" ၅၁ (ဂ)နဲ့ ပါ၊ ဒီနေ့ (ဧပြီလ ၅ ရက်)ပဲ အမိန့် ချပါတယ်။ ၁၀ နှစ်ပါ၊ တောင်လေးလုံးမှာပါ။ တစ်သက်လုံး မဟုတ်တာ တစ်ခုမှ မလုပ်ခဲ့တဲ့ လူကို လက်ထိပ်နဲ့ မြင်ရတော့ ဝမ်းနည်းတယ်။ " ဟု ၎င်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
.
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့က ကိုခိုင်မြင့်ထွန်းကို ၎င်း၏ နေအိမ်၌ ဖမ်းဆီး၍ ညောင်ရွှေအကျဉ်းထောင်၌ ချုပ်နှောင်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ)ဖြင့် အမှုဖွင့်ပြီးနောက် အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်သည့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
.
ကိုခိုင်မြင့်ထွန်း သည် ယခင်က ရွှေတြိဂံသတင်းဌာနတွင် သတင်းထောက် အဖြစ် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှ စတင်၍ လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသော်လည်း ဖမ်းဆီး ခံရချိန်တွင် သတင်းထောက် အဖြစ် လုပ်ဆောင်နေခြင်း ရှိ/မရှိ ကိုမူ မသိရပေ။