တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ ၏ မမှန် သတင်းပေးမှုကြောင့် အပြစ်မဲ့ ပြည်သူများ ဖမ်းဆီး ခံနေရသည်ဟု သိရသည်။
.
" ရွှေတောင် အုပ်ကြီးက ထင်ရာမြင်ရာတွေကို လျှောက်ပြောတာနဲ့ ဘာမှ မဆိုင်တဲ့လူတွေ အဖမ်းခံနေရတာ။ သူက ရဲခရိုင်မှူး၊ မြို့နယ်မှူးတွေနဲ့လည်း တော်တော်လေး အဆင်ပြေတော့ သူ့ စကား က ပေါက်တယ်ဗျ။ သူ အမြင်မကြည်သူ မှန်သမျှ PDF ဆိုပြီး ဖမ်းခိုင်းနေတာ။ " ဟု လက်ရှိ တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်း တစ်ဦးက ပြောသည်။
.
ပြီးခဲ့သော သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်တွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်မှ အမျိုးသား တစ်ဦးကို PDF ထောက်ပံ့သည်ဟု ဆိုကာ သတင်းပေးခဲ့သဖြင့် ဖမ်းဆီးခဲ့ရသော်လည်း သတင်း အမှား ဖြစ်နေ၍ ၂ ညတာ စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးရသည်ဟု ၎င်းထံမှ သိရသည်။
.
" စစ်တဲ့သူက ညှင်းပန်း မနှိပ်စက်တာကြောင့်ရယ်၊ အဖမ်းခံရတဲ့သူက အပြစ် မရှိတဲ့သူ ဖြစ်နေတာရယ်ကြောင့် ပြန်လွတ်လာတာ။ စစ်တဲ့သူက ညှင်းပန်းနှိပ်စက်ရင် အပြစ်မဲ့ ပြည်သူ တစ်ယောက် ထောင်ကျရဦးမယ်။ အဲလိုမျိုး ခဏ ခဏ မဟုတ်မမှန် တိုင်တဲ့သူက ခေတ်ပျက်ကြီးမှာ ကောင်းစားနေတာဗျာ။ " ဟု ၎င်းက ရှင်းပြသည်။
.
ဦးသန်းရွှေသည် ၂၀၁၅ ခုနှစ်ခန့်က ပေါ်ပေါက်ခဲ့သည့် "၉၆၉" အဖွဲ့တွင် ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း၍ ဥက္ကဌ အဖြစ် လုပ်ဆောင်ကာ ပြောက်ကျား တူညီဝတ်စုံများဖြင့် ရဲလုပ်ငန်းများကို ဝင်ရောက် စွက်ဖက် လုပ်ဆောင်မှုကြောင့် ပြည်သူများ၏ ပြင်းထန်စွာ ဝေဖန်မှုကို ခံခဲ့ရသူ ဖြစ်သည်။