တောင်ကြီးမြို့ပေါ် ရပ်ကွက်များ အတွင်း၌ တရားမဝင် လောင်းကစား လုပ်ငန်းများကို လူမြင်ကွင်းတွင်ပင် ပေါ်တင် ပြုလုပ်နေကြသည်ဟု သိရသည်။
.
" အထိန်းအကွပ် မရှိ လောင်းကစား ပြုလုပ်နေကြတာပါဗျ။ ရပ်ကွက် လူကြီးတွေ၊ နယ်မြေမှူးတွေ အလုပ် မလုပ်ကြတော့တာလား၊ မရှိတော့တာလား မသိဘူးဗျ။ " ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။
.
အဆိုပါ လောင်းကစား လုပ်ငန်း လုပ်ဆောင်သူများမှာ စစ်ကောင်စီ လက်အောက်ရှိ တပ်၊ ရဲ အပါအဝင် တာဝန်ရှိသူများအား လာဘ်ငွေ ပေးဆောင်၍ ပြုလုပ်နေကြခြင်း ဖြစ်သည့်အတွက် သာမန် ပြည်သူများမှာ ၎င်းတို့ကို ကြောက်ရွံနေရသည်ဟုလည်း လူငယ် အမျိုးသမီးက ဆိုသည်။
.
" ကျွန်မတို့လို ပြည်သူတွေကြတော့ သူတို့ကို သွားပြီး တစ်ခုခု ပြောလိုက်ရင် အမှု ဆင်ပြီး အဖမ်းခံ ထိမှာကို စိုးရိမ်တယ်ရှင့်။ " ဟု ပြောသည်။
.
ချဲထီမှ အစ၊ ငါးပစ်ဂိမ်းနှင့် ဂျင်ဝိုင်း အဆုံး နေရာအနှံ့တွင် တည်ရှိနေခြင်းမှာ သာမန် မဟုတ်နိုင်ဘဲ ပြည်သူများ နိုင်ငံရေးအား စိတ်မဝင် စားနိုင်ရန် တမင် ရည်ရွယ် ဖွင့်ခွင့် ပြုထားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။
.
လက်ရှိတွင် တောင်ကြီးမြို့ပေါ်၌ အာဏာသိမ်း စစ်ကောင်စီအား ထောက်ခံသူ အများစုမှာ တရားမဝင်လုပ်ငန်းများ လုပ်ဆောင်ပြီး တစ်ဘက်တွင် သတင်းပေး (informer) အဖြစ် ဆောင်ရွက်နေသူများ ဖြစ်သည်ဟုလည်း ဆိုသည်။
.
" အဲဒီ လောင်းကစားဒိုင်တွေက စစ်ကောင်စီနဲ့ ပိုင်တာပေါ့။ ငွေလည်း ပေးတယ်၊ သတင်းလည်း ပေးတယ်။ တစ်သိန်းလောက် ပေးပြီးတော့ ဟိုလူကတော့ဖြင့် နိုင်ငံရေး လုပ်တယ်ဆိုပြီး လက်ညှိုး ထိုးပြပြီး ချွန်လိုက်ရင် ပွဲက ပြီးပြီ။ တောင်ကြီးမှာကလည်း ဆန္ဒ မပြဖူးတဲ့သူက လူတစ်ရာမှာ ဆယ်ယောက်တောင် မရှိဘူး၊ အကုန် ဆန္ဒပြဖူးကြတာကို။" ဟု တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်နေသူ အမျိုးသား တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ မြို့တော် ဖြစ်ပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ တိုင်းစစ်ဌာနချုပ် အပါအဝင် ပြည်နယ်အစိုးရအဆင့် ရုံးစိုက်ရာ မြို့ ဖြစ်သည်။