နှစ်သောင်းစားတို့ ပျော်တဲ့ သင်္ကြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နှစ်သောင်းစားတို့ ပျော်တဲ့ သင်္ကြန်

မြန်မာတို့ရဲ့ နှစ်သစ်ကူးအချိန်ခါကာလ။ မိုး ရွာနိုင်တယ်လို့ မိုးလေဝသ ကြေညာထားပေမယ့် နွေနေကချစ်ချစ်တောက် ပူလို့။ နွေနေ ပူပူအောက်က လမ်းမကြီးလည်း ရေမစိုသင်္ကြန်ကြောင့် အတုံးအရုန်း။ နှစ်သစ်ကူး အတာသင်္ကြန်က ခြောက်သွေ့သွေ့။ နှစ်ဟောင်းက အညစ်အကြေးတွေ အတာရေနဲ့ ဆေးကျောဖို့ ကိုယ့်အား ကိုယ်ကိုးကြရတော့မယ်။

တူးပို့သံ မကြားရ။ မြနန္ဒာလည်း မလာ။ မင်းသားကြီးလည်း ရှာစရာအကြောင်း မမြင်။ တုံခွပ်တုံခွပ်အသံတွေ ဆိတ်သုန်း။ ပြက္ခဒိန်ထဲ သတ်မှတ်ထားတဲ့ နေ့ရက်တွေကြောင့်သာ သင်္ကြန်လို့ ထင်ယောင်ထင်မှားဖြစ်နေရတာ။

လက်တွေ့ ဖြစ်နေတဲ့သင်္ကြန်က ရေမစိုသင်္ကြန်။ တော်လှန်သင်္ကြန်။ သူ့အလိုလို ရင်ဘတ်ထဲရေစိုနေတဲ့ သင်္ကြန်။

.

သင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ နှစ်သစ်ကူးပွဲတော်လေ၊ ပျော်ပွဲရွှင်ပွဲပေါ့။ ဒါပေမယ့် အခုလို အချိန်မှာတော့ဘယ်သူမှ ပျော်မနေဘူး။ ပျော်ချင်ပါးချင် စိတ်လည်း ရှိကြမှာ မဟုတ်ပါဘူး။ လူကြီးပိုင်း‌တွေ သင်္ကြန်ချိန်ခါ ပျော်ဖို့ မပြောနဲ့၊ မြို့ထဲမှာ ကလေးတွေတောင် ရေကစားတာ သိပ် မတွေ့ရဘူး။ အဲဒီကလေးတွေကို ဘယ်သူကမှလည်း တားမြစ်ထားတာ မဟုတ်ဘူး။ သူတို့စိတ်နဲ့ သူတို့ သင်္ကြန်မလည် ရေမကစားဘဲ နေကြတာ။ နှစ်သစ်ကူး ပွဲတော်နဲ့ ပတ်သက်ပြီး ကြားရတဲ့ အသံ တစ်ခု။ သင်္ကြန်ဆိုတာ လူကြီးတွေထက် ကလေးတွေက ပို ပျော်ကြတယ်။ ပျော်ပျော်ရွှင်ရွှင် ရေကစားကြတယ်။ ဒီနှစ်သင်္ကြန်က ကလေးတောင် ပျော်ချင်ပါးချင်စိတ် ပျောက်နေတဲ့သင်္ကြန်။

.

သင်္ကြန်ချိန်ခါဆိုရင် အထင်ကရ လမ်းမကြီးတစ်လျှောက် မဏ္ဍပ်ကြီးငယ်တွေ ရှိရတယ်။စတုဒီသာမဏ္ဍပ်တွေ မျက်စိတစ်ဆုံး။ ရေကစားမဏ္ဍပ်က လူတိုးမပေါက်။ စစ်ကောင်စီက သင်္ကြန်ပွဲတော်ကြီးချိမ့်ချိမ့်သဲကျင်းပပြုလုပ်မယ်လို့ဆိုတယ်။မြင်ရတွေ့ရတာတော့လမ်းမကြီးတွေပေါ်ဗလာနတ္ထိ အလျှဥ်း မရှိ။ မဏ္ဍပ်ကြီး မဆိုထားနဲ့ မဏ္ဍပ်ပေါက်စတောင် မတွေ့ရ။ ရေပိုက် တစ်ချောင်းတောင်လမ်းမပေါ် မမြင်။ လူမှန်းသိတတ်စ ငါးနှစ်၊ ဆယ်နှစ်ကလေးငယ် ရေကစားတာတောင် ရပ်ကွက်တစ်ခု တစ်နေရာလောက်သာ ရှိတဲ့ အနေအထား။ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကာလအတွင်း ဒီလို ရေကစားရတယ် ဆိုတာကို နောင်လာနောင်သားတွေ မသိမှာ စိုးရိမ်လို့ လက်ဆင့်ကမ်း သင်ပြပေးတယ်ဆိုတာလောက်။

.

ပြည်သူအားလုံး အပျော်ဆိတ်သုန်းနေတဲ့ အချိန်မှာစစ်ကောင်စီက တစ်မြို့တစ်ရွာ တစ်ခုတည်းသောမဏ္ဍပ်ကြီးတွေ လုပ်တယ်။ မဏ္ဍပ်ဖွင့်ပွဲကြီးတွေ ခြိမ့်ခြိမ့်သဲ ပြုလုပ်တယ်။ 

ဘယ်ကမှန်း မသိတဲ့ ယိမ်းအဖွဲ့တွေနဲ့ က။ ဆိုမယ့်လူ မရှိ တီဗွီ အဆိုရှင်တွေကို ဈေးကောင်းပေးပြီး ခေါ်ရ။ ဖွင့်ပွဲအချိန်ခါကြတော့ မြင်ရတွေ့ရ အားရစရာ ကောင်းချက်။ လာကြည့်မယ့် ပြည်သူက မရှိ။ တစ်ဗွမ်းဗွမ်းနဲ့ ထိုးနေတဲ့ ရေပိုက်အောက်မှာ နေ့စားသမား ချောက်တီးချောက်ချက်နဲ့။

သင်္ကြန်ဆိုတာ အများပြည်သူတွေပါဝင်ဆင်နွဲမှ ပျော်ရတဲ့ပွဲ။ အများပြည်သူတွေ ပါဝင်မှ စည်ကား သိုက်မြိုက်တဲ့ ပွဲတော်။ သင်္ကြန်စာထုတ်တဲ့ ပုဏ္ဏားတောင် သနားဖို့ ကောင်းနေပါသေးတယ်။


ပို သနားဖို့ကောင်းတာက စစ်ကောင်စီသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲမှာ နေ့စားလိုက်တဲ့ လူသားတွေ။ မဏ္ဍပ်ရှေ့ရေပက်ခံ ထွက် လူလုံးပြဖို့ သူတို့တွေ စီးရတဲ့ကားက အုတ်သဲကျောက် သယ်တဲ့ကား။ သိကြားမင်းမြင်ရင် အတော်မွဲတဲ့ သင်္ကြန်လို့ မှတ်ချက်ပြုလောက်မယ် ထင်တယ်။ ခေတ်အဆက်ဆက် ဒီလိုကားမျိုးနဲ့ ရေပက်ခံထွက်တာ မမြင်ဖူးတော့ အံ့သြမိတာများရင်ဘတ်နောက်က ကျောကို ဖြစ်လို့။ အုတ်သဲကျောက် သယ်တဲ့ ကားတောင် နပ်မှန်အောင် ထုတ်မပေးနိုင်လို့ ရှိတဲ့နှစ်စီးသုံးစီးနဲ့ အကြိမ်ကြိမ် ပတ်ပြီးလူလုံးပြကြရတဲ့ အဖြစ်။ အဲဒီကားတွေများ ပျက်ရင် အမှိုက် သိမ်းတဲ့ကား၊ မိလ္လာသိမ်းတဲ့ ကားတွေအလှည့်ကျ လာရင်လည်း ပျော်ပျော်ကြီးသာ အားပေးလိုက်ကြပေါ့။

.

နောက်တစ်ခါ ထပ်ပြီး သနားဖို့ကောင်းတာက စစ်ကောင်စီကို။ မဏ္ဍပ်ရှေ့ ကမယ့် လူကို ဒံပေါက် တစ်ပွဲနဲ့ မြန်မာငွေ နှစ်သောင်းကျပ် ချီးမြှင့်မယ်ဆိုပဲ။ ငမူးငရူးတွေကို အစားအသောက် ကျွေး ပိုက်ဆံပေး ခေါ်နေတဲ့ အဖြစ်။ အရပ်ရပ် အပြည်ပြည်ကြားလို့မှ မတော်တဲ့ သတင်းစကား။ ခက်တာက သူတို့မဏ္ဍပ်ရှေ့ ယင်ကောင်တောင် ဖြတ်မပျံလေတော့ ငမူးတွေကို လက်သိပ်ထိုး ခေါ်နေကြရတာ။ ဒါတောင် အဲဒီမဏ္ဍပ်ရှေ့ တော်ရုံငမူးတွေကတော့ သွားမှာမဟုတ်ဘူး။ သူတို့နဲ့ ပုလင်းတူ ဘူးဆို့တွေလောက်သာ ရှိလိမ့်မယ် ထင်ပါတယ်။ ဟုတ်တယ်လေ။ ဒံပေါက်နဲ့ နေ့စားလေး ရမလား သွားပါတယ်။ အဝှါကြီး တစ်ချိန်ချိန်နဲ့ ဘယ်သူက နောက်ကျော လုံမှာတဲ့တုန်း။

.

ယိမ်းနွဲ့ ကာတီးကွက်နဲ့အတူ ကစဉ်၊ လက်ခုပ်သံစည်းချက်လိုက်မှာလားလေ။ ညီညီညာ ညှင်းသဲသဲ အတာရေသဘင်ပွဲရက်မှာ ယှဉ်ပြိုင်ရင်း ကကွက်မျိုးစုံနဲ့။ ဖော်ရွေစွာပင် ဆီးလို့ကြိုနေမယ်။ 

ဒီမိုကရေစီ ပြန်ရတဲ့တစ်နေ့ ပြည်သူတွေ ရေ ကစားကြမယ်။ ညိုမြတို့ ပြန်ဆုံကြမယ်။ ရှာပုံတော် မင်းသားကြီးလည်း လိပ်စာအသစ် ပြန်ရလိမ့်မယ်။ လတ်တလောတော့ နှစ်သောင်းစားတွေ ပျော်ကြပါစေ။

Journal Download

Photo of three cats