ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်းကြီး ကျေးရွာ၌ စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၂၂ ရက်၊ နံနက် အစောပိုင်းတွင် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည်ဟု သိရသည်။
.
" စစ်ကောင်စီတပ်က နွားဘန်းကြီးရွာ ရှုခင်းသာ ဘုရားကုန်းပေါ်ကနေ အနောက်ဘက် တောင်ကြောထဲကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ မနက် ၆ နာရီခွဲလောက်ကတည်းက စ ပစ်နေတာ။ " ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်တွင် နွားဘန်းကြီးကျေးရွာ အနောက်ဘက် တောင်ကြားရှိ PDF စခန်း တစ်ခုကို စစ်ကောင်စီတပ်က အင်အား အများအပြား သုံး၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် အပြင် ဧပြီလ ၂၁ ရက်၊ ညပိုင်းတွင် နွားဘန်းကြီး ကျေးရွာမှ ကိုသက်ဦး၏ နေအိမ်ကို လည်းကောင်း၊ ဧပြီလ ၂၂ ရက် နံနက်အစောပိုင်းတွင် ပဲရင်းဝောာင် ကျေးရွာမှ ဦးနေဝင်း၏ နေအိမ်ကို လည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။
.
အာဏာသိမ်း စစ်ကောင်စီတပ်သည် ရွာငံမြို့နယ်အတွင်း၌ ဒေသခံ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည့် အပြင် ဒေသခံများကိုပါ PDF ဟု စွပ်စွဲကာ ဖမ်းဆီး နှိပ်စက်မှုများ ပြုလုပ်နေသဖြင့် ဒေသခံပြည်သူ ၃၀၀ ဦးခန့်မှာ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သိရသည်။